ဖားကန့်တွင် စက်သုံးဆီ ပြတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃၁ ရက်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စက်သုံးဆီ ပြတ်လပ်မှုနှင့် ဝယ်ယူရ ခက်ခဲမှုနေမှုများကြောင့် ဒေသ အတွင်းရှိ လူမှုကူညီရေးအသင်းများ စက်သုံးဆီလိုအပ်ချက်ရှိနေသည် ဟု ပြောသည်။
ဖားကန့်မြို့နယ် အဝင် နန့်ယားကျေးရွာတွင် စက်သုံးဆီသယ်ဆောင်သည့် ကားများကို စစ်ကောင်စီတပ်က ယနေ့ အချိန်ထိ ဝင်ခွင့်ပိတ်ပင်ထားသဖြင့် ဖားကန့်မြို့တွင် စက်သုံးဆီဆိုင်များ ပိတ်ထားရပြီး လက်ရှိတွင် လူမှုကူညီ ရေး လုပ်ငန်းအချို့တွင် အခက်အခဲရှိလာနေသည်ဟု အသင်းအဖွဲ့ တာဝန်ရှိသူများ က ပြောသည်။
အသင်း ဥက္ကဋ္ဌ တစ်ဦးက “ဆီဆိုင်တွေက အကုန်ပိတ်ထားတယ်။ ဝယ်လို့မရဘူး။ ကျနော်တို့က မြစ်ကြီးနား ဆင်းရင်းနဲ့ နည်းနည်း ဝယ်လာတာ။ ဆီလှူပေးမယ့်သူ ရှိရင်တော့ပိုကောင်းတာပေါ့။ တချို့အသင်းတွေကတော့ နယ်ဝေးလမ်း ကြောင်းတွေ ရပ်နားလိုက်ပြီ” ဟု ပြောသည်။
၂၀၂၀ ပြည့်နှစ်က ဒီဇယ်တပီပါလျှင် ကျပ် တစ်သိန်းကျော်သာ ပေးဝယ်ခဲ့ရသော်လည်း ယခုလက်ရှိတွင် ၈ သိန်း ကျော် အထိ ဈေးတက်သွားပြီး ဝယ်ယူရရှိရန်ပင် ခက်ခဲနေသဖြင့် စက်သုံးဆီ လှူဒါန်းလိုပါက ဖုန်းနံပါတ် (09777760666 ) သို့ ဆက်သွယ်လှုဒါန်းနိုင်သည်ဟုလည်း လူမှုကူညီရေးအသင်းအဖွဲ့ တာဝန်ရှိသူများက ဆို သည်။
လက်ရှိ ဖားကန့်မြို့နယ်အတွင်း ဆီတစ်ဂါလံ အား ကျပ် ၂သောင်းကျော်အထိ ပေးဝယ်နေရပြီး ဆီပန့်ဆိုင် အများ စုမှာ ပိတ်ထားသည်ဟု ဖားကန့်ဒေသခံများက ပြောသည်။
ဖားကန့်မြို့နယ်အတွင်းသို့ စက်သုံးဆီ တင်ပို့မှုကို စစ်တပ်က ယခု အောက်တိုဘာလ ဒုတိယပတ်မှ စတင်၍ အောက်တိုဘာလကုန် အထိ ပိတ်ထားခြင်း ဖြစ်သည်။
ဖားကန့်မြို့ အဝင် နန့်ယား စစ်တပ်ဂိတ်တွင် ဆီကားများကို အောက်တိုဘာလ ၁၅ ရက်နေ့မှာစတင်၍ အောက်တိုဘာလ ၃၁ ရက်နေ့ထိ တားမြစ်ကာ ဝင်ခွင့်မပေးခြင်း ဖြစ်သည်ဟု ဖားကန့်ဒေသခံများက ပြောသည်။
ဖားကန့်မြို့နယ်၊ ကံဆီးကျေးရွာအနီးက အနန့်ပါဒေသတွင် အောက်တိုဘာလ ၂၃ ရက်နေ့ ညဖြစ်ပွားခဲ့သည့် ဂီတ ပွဲတော် လေယာဉ်ဖြင့် ဗုံးကြဲခံရမှုအပြီးမှ စတင်၍ ဖားကန့်မြို့ အဝင်အထွက် ဂိတ်များတွင် စစ်ဆေးမှုများ တင်း ကြပ်ထားသည့်အပြင် ဆေးဝါး၊ စားနပ် ရိက္ခာ အချို့ကိုပါ ဝင်ခွင့်မပေးဘူးဟု ဒေသခံများက ဆိုသည်။
KIO ဖွဲ့စည်းတည်ထောင်သည့် ၆၂ နှစ် ပြည့် အထိမ်းအမှတ်ပွဲ ပြုလုပ်နေချိန် စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကြဲ တိုက် ခိုက်မှုအတွင်း ကချင်ပြည်သူများ၊ အနုပညာသည်များနှင့် KIO/KIA က အရာရှိများနှင့် တပ်ဖွဲ့ဝင်များ စုစုပေါင်း အယောက် ၆၀ ကျော် သေဆုံးခဲ့ပြီး အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နန့်ယား ဂိတ်၊ လယ်ပြင်ဂိတ်နှင့် မရန်ကထောင်ဂိတ်များတွင် အစစ်အဆေးများ တင်းကြပ်ထားခြင်း ဖြစ်သည်။