တနင်္သာရီတွင် ငါးရှာ ပြန်လာသူ အမျိုးသမီးနှစ်ဦး မိုင်းနင်းမိ။
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၁၁ ရက်။
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာ အခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း – ၅၆၁ အနီးက ဥယျာဉ် ခြံတစ်နေရာတွင် အမျိုးသမီးနှစ်ဦး မိုင်းနင်းမိပြီး ထိခိုက်များဒဏ်ရာရရှိခဲ့ခြင်းကြောင့် ဆေးဝါးကုသမှု ခံယူနေရ သည်ဟု ရွာသားများက ပြောသည်။
မိုင်းနင်းမိသူများမှာ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာမှ ဖြစ်ပြီး အသက် ၅၀ နှစ်အရွယ် ဒေါ်သွယ် နှင့် အသက် ၃၅ နှစ်အရွယ် မမိကင်း ဆိုသူတို့ ဖြစ်ကြပြီး ခမရ – ၅၆၁ တပ်ရင်းအနီးရှိ ရေမြောင်းတွင် ငါးဖမ်းပြီး အပြန် မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။
အသက် ၄၀ခန့်အရွယ် ရွာသားတစ်ဦးက “ဂျိမ်း ဆိုပြီး အသံအကျယ်ကြီး ကြားလိုက်ရပြီး သိပ်မကြာဘူး။ ရွာထဲ က မိန်းကလေး ၂ယောက် မိုင်းထိတယ် ဆိုလို့ ပြေးကြည့်လိုက်ရတယ်” ဟု ပြောသည်။
ဇန်နဝါရီလ ၉ ရက်နေ့၊ ညနေ ၅ နာရီခန့်က မိုင်းနင်းမိခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာ အပြင်းအထန် ရရှိထားသည့် ဒေါ်သွယ်အား မြိတ်မြို့ စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး မမီကင်းဆိုသူမှာမူ ခမရ – ၅၆၁ တပ်ရင်းအတွင်းမှာပင် ဆေးကုသမှုခံယူနေရသည်ဟု ရွာသားတစ်ဦးက ပြောသည်။
မြိတ်မြို့စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေသည့် ဒေါ်သွယ် ဆိုသူမှာ စစ်ကောင်စီတပ်သားတစ်ဦး၏ ယောက္ခ
မ တော်စပ်သည်ဟု ရွာသားများက ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် ညောင်ပင်ကွင်းကျေးရွာမှ ရွာသားများ မိုင်းနင်းမိခြင်းမှာ နှစ်ကြိမ်ရှိပြီ ဖြစ်
ကြောင်း ရွာသားများက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်လည်း မော်တုံးကျေးရွာ စစ်ကောင်စီ အခြေစိုက် အမြောက် တပ်ရင်း – ၃၀၆ အနီးတွင် မိုင်းနင်းမိခဲ့သည့် မြို့ဟောင်းရွာသားတစ်ဦး ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။