ဆန်စပါး ဈေးထပ်တက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၂၄ ရက်။
ဧရာဝတီတိုင်းအတွင်းရှိ အဓိက ဆန်စပါး ဈေးကွက်များ ဖြစ်သည့် ပုသိမ်၊ မြောင်းမြ၊ ဖျာပုံရှိ ဆန်စပါးဈေး ကွက်မှာ ဆန်စပါး ဈေးနှုန်းများ ထပ်တက်လာသည်ဟု ဒေသခံ ဆန်စပါး ကုန်သည်များက ပြောသည်။
ရွှေသွယ်၊ ပခန်း၊ ရက်ကိုးဆယ်၊ မနှောသုခ၊ မိုးရေဆင်း စသည့် ဆန်ကြမ်း အုပ်စုနှင့် တောင်ပျံ အပါအဝင်၊ ရွှေဘို၊ ဧရာတီ၊ ဖျာပုံ၊ ဥတို၊ ရေကြည်၊ ပေါ်ဆန်ယဉ် စသည့် ပေါ်ဆန်းဆန် (ဆန်ချော) အုပ်စုဝင် ဆန်များ အားလုံး ဈေး ထပ်တက်သွားခြင်း ဖြစ်သည်။
မြောင်းမြမြို့က ဆန်စပါး ရောင်းဝယ်သူ အသက် ၅၀ ကျော်အရွယ်ရှိသ ဦးကြည်သိမ်းက “ဆန်ဈေး စပါးဈေး က တက်ပြီးရင်း တက်နေတယ် ကျတယ်မရှိဘူး။ ဒီနေ့ ရောင်းရငွေက နောင်နေ့ အရင်းအတွက် ကာမိဖို့ ခက် တယ်။ ဈေးကွက် တည်ငြိမ်တာကြိုက်တယ်။ အခုက မငြိမ်ဘူး အရမ်းလှုပ်လွန်းတယ်။ ဝယ်သူ စားသုံးသူ ရောင်းသူ အားလုံး ကြပ်တည်းကြရတယ်” ဟု ပြောသည်။
ပြီးခဲ့သော ဒီဇင်ဘာလအတွင်းက ဆန်စပါးဈေး ရုတ်တရက် တဟုန်ထိုး မြင့်တက်လာပြီးနောက် ယခု ဇန်နဝါရီ လ ဒုတိယပတ် အတွင်းမှ စတင်ကာ ဆန် စပါးဈေးထပ်လာခြင်း ဖြစ်သည်။
ဆန်ကြမ်း အုပ်စုဝင် ဖြစ်သော ရွှေသွယ်၊ ပခန်း၊ ရက်ကိုးဆယ်၊ မနှောသုခ၊ မိုးရေဆင်း စသည့် ဆန်များက ၂၄ ပြည်ဝင် ဆန်တအိတ်ကို ၅,၀၀၀ ကျပ်၊ ဆန်ချောအုပ်စု ဖြစ်သော တောင်ပျံ အပြန် အပါအဝင် ရွှေဘို၊ ဧရာတီ၊ ဖျာပုံ၊ ဥတို၊ ရေကြည် စသည့် ပေါ်ဆန်းဆန်များကလည်း ၂၄ ပြည်ဝင် တအိတ်ကို ၆,၀၀၀ ကျပ် အထိ ဈေးထပ် တက်သွားသည်ဟု စားသုံးသူများက ပြောသည်။
ထို့အပြင် စပါးဈေးမှာလည်း ဆန်ကြမ်း စပါးက ဒီဇင်ဘာလအတွင်းက တင်းတစ်ရာကို ကျပ် ၁၉ သိန်း ရှိရာမှ လက်ရှိတွင် တင်းတစ်ရာကို ကျပ် ၂၇ သိန်း အထိမြင့်တက်သွားသည်။
အလားတူ ဧရာဝတီတိုင်းက ထွက်သော ဆန်ချောအုပ်စု ပေါ်ဆန်းစပါး အမျိုမျိုးက ဒီဇင်ဘာလအတွင်း၌ တင်း တစ်ရာကို ၂၈သိန်း ရှိခဲ့ရာမှ တင်းတစ်ရာကို ကျပ် ၃၆ သိန်း အထိ မြင့်တက်လာသွားသည်ဟု ဆန်စပါး ပွဲစား အချို့က ပြောသည်။
“ဆန်စပါးဈေး တက်ပေမယ့် တောင်သူလက်ထဲမှာက စပါးမရှိတော့ဘူးလေ။ တောင်သူတွေအတွက် အကျိုး မဖြစ်ဘူး။ စစ်တပ်နဲ့ ကုန်သည်ကြီးတွေ စက်ပိုင်တွေ လက်ထဲမှာ စပါး ရှိနေတာ။ ဈေးတက်တယ် ကျတယ် ဆို တာ သူတို့လက်ထဲမှာ” ဟု ပုသိမ်မြို့နယ်က တောင်သူ ဦးလှဝင်း က ပြောသည်။
သို့သော် အောက်တိုဘာတွင် စိုက်ပျိုးသော ရေကျနောက် စပါးများက ဇန္နဝါလကုန်တွင် ပေါ်တော့မည် ဖြစ်သည့်အတွက် ဆန်စပါးဈေးမှာ လက်ရှိ အခြေအနေ၌သာ ရှိနေမှာဖြစ်ပြီး ဈေးထပ်တက်မည့် အခြေအနေမျိုး မဖြစ်နိုင်ဟု တောင်သူများက ခန့်မှန်း ပြောဆိုသည်။
အကယ်၍ စျေးထပ်တက်ခဲ့ပါကလည်း အနည်းအကျဉ်းမျှသာ ဖြစ်မည်ဟု ဧရာဝတီတိုင်း ဆန်စပါး ကုန်သည်ကြီး အသင်းဝင် အချို့က သုံးသပ်သည်။
ဆန်စပါးဈေး ယခုကဲ့သို့ တက်ရခြင်းမှာ နွေစပါး စိုက်ပျိုးရန်အတွက် လိုအပ်သော စက်သုံးဆီ အလုံအလောက် မရဘဲ မှောင်ခို ဈေးတွင် နှစ်ဆတက်နေခြင်း၊ ဓါတ်မြေဩဇာ၊ ပိုးသတ်ဈေး၊ စိုက်ပျိုး ရိတ်သိမ်းခ၊ လုပ်သားခနှင့် အခြား စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း ဈေးနှုန်းများ ၃ဆ အထက် ဈေးတက်လာခြင်းတို့ကြောင့် ဖြစ်သည် ဟု ဆန်စပါး စိုက်ပျိုးထုတ်လုပ်သည့် လယ်ယာလုပ်ငန်းရှင်များကဆိုကြသည်။
ဧရာဝတီတိုင်း အတွင်း၌ မေလတွင် စတင်စိုက်ပျိုးသော မိုးစပါး၊ အောက်တိုဘာလကုန်၌ စစိုက်သော ရေကျ နောက်စပါး နှင့် ဇန္နဝါရီလ အတွင်း စစိုက်သော နွေစပါးဟု ဆိုကာ ၃ ကြိမ် စိုက်လေ့ ရှိပြီး တတိုင်းလုံး စိုက်ပျိုး ဧက ၃.၈ သန်း ကျော်ရှိသည်ဟု စိုက်ပျိုးရေး ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။
မိုးစပါးကို ရေကြီးရေလျှံ ဖြစ်မှုနည်းပါးသော ပုသိမ်၊ ကျောင်းကုန်း၊ မြောင်းမြ၊ ကန်ကြီးထောင့်၊ ဖျာပုံ စသော ဒေသမျိုးမှာ စိုက်ပျိုးကာ၊ ရေကျနောက်စပါးကို သာပေါင်း၊ ပန်းတနော်၊ မအူပင်၊ ဝါးခယ်မ စသည့် ဒေသမျိုး၌ ရေမြုပ်ကွင်းများ ရေကျ သွားချိန်တွင် စိုက်ကြပြီးဈ နွေစပါးကိုမူ နွေအခါ ပင်လယ်ရေငန် မဝင်တော့သည့် မြစ်ရေတင်၍ လွယ်ကူသည့် ဒေသများ၌ စိုက်ပျိုး ကြသည်။