ဆီဆိုင် နောင်ထောဝ် ဒေသကို ဗုံးကြဲ တိုက်ခိုက်၊ ဒေသခံနှင့် စစ်ရှောင်များ ထွက်ပြေးနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၂၄ ရက်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ဒေသတွင် စစ်ကောင်စီတပ်က တိုက်ပွဲ ဖြစ်ပွားမှု မရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား၊ စစ်ရှောင်များ ထိမှန် သေဆုံးခဲ့သည်။
ဇန္နဝါရီလ ၂၂ ရက်နေ့၊ ည ၈ နာရီအချိန်မှ စတင်၍ ဇန္နဝါရီလ ၂၃ ရက်နေ့၊ နံနက်ပိုင်း အချိန်ထိ ဗုံးကြဲတိုက်ခိုက်မှု နှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်နေသောကြောင့် ဒေသခံနှင့် ကရင်နီ စစ်ဘေးရှောင်များမှာ ထွက်ပြေး တိမ်းရှောင်နေရခြင်း ဖြစ်သည်။
နောင်ထောဝ်ဒေသခံ တစ်ဦးက “ကျနော်တို့ အိမ်မပြန်ရဲသေးဘူး။ မနေ့ညဆို အသက်လု ပြေးရတာ။ ဗုံးတစ်လုံး ကျရင် မြေကြီးတောင် တုန်တယ်။ ဘာပစ္စည်းမှ မသယ်နိုင်တော့ဘူး။ အိမ်တချို့ ထိတယ်လို့ ကြားတယ်။ မပြန် နိုင်သေးတော့ သေချာမသိသေးဘူး။ ပြန်ဖို့လည်း မလွယ်ဘူး” ဟု ပြောသည်။
လတ်တလော ဒေသခံများနှင့် စစ်ဘေးရှောင်ဦးရေ ၂,၀၀၀ ကျော်တို့မှာ ဆီဆိုင်နှင့် ဆိုက်ခေါင်မြို့ပေါ်ရှိ နီးစပ်ရာ ဆွေမျိုးအိမ်များနှင့် ဘုန်းကြီးကျောင်းများတွင် ခေတ္တခိုလှုံနေရပြီး အကူအညီများ လိုအပ်လျက် ရှိသည်။
ထို့အပြင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကယန်းပိုင်းရပ်နှင့် ကုလားလမ်း ကျေးရွာတို့တွင် နေထိုင်သည့် ကရင်နီ စစ်ဘေးရှောင် ၂ ဦးမှာလည်း ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ များစွာ ရှိသည့်အပြင် လူနေအိမ် ၅ လုံးထက် မနည်း မီးလောင်ပြာကျ ပျက်စီးခဲ့သည်ဟု ဆိုသည်။
ကရင်နီ စစ်ဘေးရှောင် တစ်ဦးက “ဗုံးကြဲတာ တခုတည်းတော့ မဟုတ်ဘူး။ သူတို့ (စစ်ကောင်စီ) လက်နက်ကြီး နဲ့လည်း ပစ်တယ်။ ဆုံးသွားတဲ့ ၂ ယောက်က ဆေးကုဖို့ မမီလို့ ဆုံးတာ” ဟု ပြောသည်။
နောင်ထောဝ်ဒေသတွင် ကရင်နီ စစ်ဘေးရှောင် ၁,၀၀၀ ကျော် နေထိုင်ကြပြီး ဆီဆိုင်မြို့နယ်အတွင်းက စစ်ဘေး ရှောင် အများဆုံးရှိသည့် ဒေသဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အလားတူ ဇန္နဝါရီလ ၂၁ ရက်နေ့ နှင့် ၂၂ ရက်နေ့ ၂ ရက်တာအတွင်း ဟိုပုံးမြို့နယ်၊ မဲနယ်တောင်၊ စံဖူး(လုံးဟီး) ကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNA) စစ်ကောင်စီ ပူးပေါင်းတပ်နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA)တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကျေးရွာအတွင်း နေအိမ်အချို့ မီးလောင်ပြာကျ ပျက်စီးခဲ့ သည်။
ထို့ကြောင့် စစ်ကောင်စီတပ် အနေဖြင့် PNLA တပ် ရှိနိုင်မည့် နေရာများကို ရမ်းသန်းကာ ဗုံးကြဲခြင်း ဖြစ်သည်ဟု တော်လှန်ရေး ရဲဘော်များက သုံးသပ်ကြသည်။