အချိန်ပို လုပ်အားခတောင်းလျှင် အရေးယူမည်ဟု အထည်ချုပ်လုပ်သားများ ခြိမ်းခြောက်ခံနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၃၀ ရက်။
ပုသိမ်မြို့၊ ကင်မလင်းကျွန်း စက်မှုဇုန်ရှိ အထည်ချုပ်လုပ်သားများ အချိန်ပို လုပ်အားခ တောင်းလျှင် အရေးယူ မည်ဟု ခြိမ်းခြောက်ခံနေရသည်။
အထည်ချုပ် လုပ်သားများ အချိန်ပို လုပ်အားခ တောင်းပါက အရေးယူမည်ဟု စစ်ကောင်စီ အုပ်ချုပ်ရေး အဖွဲ့ နှင့် ပုသိမ်မြို့ ကင်မလင်းကျွန်း စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံမှ မန်နေဂျာများက ခြိမ်း ခြောက် ထားသည် ဟု အထည်ချုပ် လုပ်သားများက ပြောသည်။
အလုပ်သမတစ်ဦးက “ကျမတို့ရဲ့ အလုပ်ခွင်တွေက ခေါင်းဆောင်တွေက အိုတီကြေး( OT) အချိန်ပိုကြေး ပေးဖို့ အားလုံး ကိုယ်စား မန်နေဂျာကို တင်ပြတာကို မန်နေဂျာက ဆန္ဒပြနေတယ်လို့ စွဝ်စွဲပြီးတော့ အုပ်ချုပ်ရေး အဖွဲ့ တွေနဲ့ ရဲတွေကို တိုင်တယ်။ ပြီးတော့ ခေါင်းဆောင်တွေကို အရေးယူမယ် ပြောတယ်” ဟု ပြောသည်။
ပုသိမ်မြို့ အမှတ် ၁၃ ရပ်ကွက်ရှိ ကင်မလင်းကျွန်း စက်မှုဇုန်ထဲက Amava Apparel အထည်ချုပ်စက်ရုံမှ လုပ် သားများက ဇန္နဝါရီလ ၂၃ ရက်နေ့တွင် အချိန်ပို လုပ်အားခပေးရန် ယင်းစက်ရုံ၏ မန်နေဂျာကို တစုတဝေးတည်း သွားရောက်ပြောကြားပြီးနောက် ခြိမ်းခြောက်ခံနေရခြင်း ဖြစ်သည်။
အချိန်ပို လုပ်အားခ မပေးတော့ခြင်းမှာ လျှပ်စစ်မီးပျက်သည့် အတွက် လျှပ်စစ်ဓါတ်အား အစား စက်သုံးဆီသုံး မီးစက်များဖြင့် လုပ်ငန်း လည်ပတ်ရခြင်းကြောင့် ဖြစ်သည်ဟု ပုသိမ်မြို့၊ ကင်မလင်းကျွန်း စက်မှုဇုန်ကြီးကြပ်မှု ကော်မတီဝင် အချို့က ပြောသည်။
Amava Apparel အထည်ချုပ် စက်ရုံက လုပ်သားများ အချိန်ပို လုပ်အားခ တောင်းခြင်းကြောင့် ခြိမ်းခြောက်ခံ နေရပြီးနောက် ကျန်စက်ရုံများက အလုပ်သမားများကိုလည်း အချိန်ပို လုပ်အားခ တောင်းပါက ငြိမ်းစုစီ ဥပဒေ ပုဒ်မဖြင့် အရေးယူမည် ခြိမ်းခြောက်နေသည်ဟု ဆိုကြသည်။
အထည်ချုပ် လုပ်သားများအား သက်ဆိုင်ရာ စက်ရုံမန်နေဂျာများက အလုပ်ခွင် အတွင်း၌ နုတ်ဖြင့် သတိပေး ခြိမ်းခြောက်နေခြင်း ဖြစ်သည်ဟု အလုပ်သမားများက ဆိုသည်။
အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ဦးမောင်မောင်က “အချိန်ပိုကြေးနဲ့ လူမှုဖူလုံရေး စရိတ်က ဥပဒေအရ မဖြစ်မနေ ပေးရမှာပါ။ ဖြတ်တောက်တာ လျော့ချတာ လုပ် လို့ မရဘူး။ ဒီလိုမရသေးတဲ့ ကိစ္စမျိုးက မန်နေဂျာ ကို ပြောတာထက် အလုပ်သမားဝန်ကြီးဌာန အောက်က လူမှုဖူ လုံရေး အရာရှိနဲ့ အလုပ်သမား စစ်ဆေးရေး အရာရှိကို တင်ပြဆွေးနွေးပြီး လုပ်တာက အကောင်းဆုံးပါ” ဟု အကြံပြုပြောသည်။
ပြီးခဲ့သော ဒီဇင်ဘာလ ပထမပတ်အတွင်းက ရုတ်တရက် ပိတ်လိုက်သည့် ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက် ကင် မလင်းကျွန်း စက်မှုဇုန်ထဲက Haubo Times၊ He Shan နှင့် North Shore အထည်ချုပ်စက်ရုံတို့က အလုပ် သမား ၃၀၀၀ နီးပါးလည်း အချိန်ပိုကြေးနှင့် လူမှုဖူလုံရေးစရိတ်များ ယနေ့အထိ မရသေးဘူးဟု ဆိုကြသည်။
ဧရာဝတီတိုင်းတွင်းရှိ ခရိုင်မြို့ကြီးများနှင့် လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသော မြို့အချို့တွင် စက်မှု ဇုန်များရှိနေပြီး ပုသိမ်တစ်မြို့တည်းက ကင်မလင်းကျွန်း စက်မှုဇုန် နှင့် ပုသိမ်ဆိပ်ကမ်း စက်မှုမြို့တော် စက်မှုဇုန် ၂ ခု၌ပင် အထည်ချုပ် စက်ရုံ ၁၈ ရုံနီးပါး ရှိပြီး လုပ်သားအင်အား နှစ်သောင်းခွဲကျော်ခန့် ရှိသည် ဟု အလုပ်သမား ရေးရာ ဦးစီးဌာနက မှတ်တမ်းများအရ သိရသည်။