စားသောက်ကုန်သယ်ယူခွင့် ရုတ်တရက်ပိတ်ခံရသဖြင့် ရွာသားများ အခက်ကြုံနေ

သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ မတ်လ ၁၄ ရက်။

တနင်္သာရီမြို့နယ် အနောက်မော်တုံးအုပ်စု မရင်းကြီးကျေးရွာတွင် ဆန်၊ စားသောက်ကုန် နှင့် ဆေးဝါးများ သယ် ယူခွင့် ရုတ်တရက်ပိတ်ခံထားရသဖြင့် အခက်အခဲကြုံနေကြရသည်ဟု ရွာသားများက ပြောသည်။

စစ်ကောင်စီမှ ကြိုတင် အသိပေးခြင်းမျိုး မရှိဘဲ စားသောက်ကုန်သယ်ယူခွင့်ကို ပိတ်လိုက်သည့်အတွက် ရွာသား များ အနေဖြင့် ဆန်၊ စားသောက်ကုန်နှင့် ဆေးဝါးများကို ကြိုတင်ပြီး မစုဆောင်းနိုင်ဘဲ အခက်အခဲ ကြုံနေကြ ခြင်း ဖြစ်သည်။

အသက် ၅၀ခန့်အရွယ်ရွာသားတစ်ဦးက “အခုဆို ရတဲ့နေရာက လိုက်ရှာပြီး သယ်နေရတယ်။ စျေးဆိုင်ကယ် တွေကိုလည်း ရွာထဲ ဝင်ခွင့်မပေးဘူး။ ကုန်စိမ်းရော ကုန်ခြောက်ပါ ပြတ်လပ်ပြီး အခက်အခဲ ကြုံနေကြရ တယ်” ဟု ပြောသည်။

မရင်းကြီးကျေးရွာသို့ သွားလာရန် မြိတ် – တနင်္သာရီ ကားလမ်းမပေါ်ရှိ မော်တုန်းကျေးရွာ အခြေစိုက် အမတ – ၃၀၆ နှင့် အောက်ကင်းကျေးရွာ အခြေစိုက် ခမရ – ၅၅၇ အကြားတွင်ရှိသည့် လမ်းခွဲမှ သွားရခြင်းဖြစ်ပြီး လမ်းခွဲ အဝင်ဝတွင် စစ်ကောင်စီတပ်မှ ဂိတ်ချပြီး ဆန်၊ စားသောက်ကုန်နှင့် ဆေးဝါးများ ပါမပါကို ပုံမှန်စစ်ဆေးလျက် ရှိ နေသည်။

ဆန်၊ စားသောက်ကုန်နှင့် ဆေးဝါး သယ်ယူခွင့် ပိတ်ထားသည်ကို မသိဘဲ သယ်လာသည့် ကားသမားများကို လည်း နောက်တခါ မသယ်လာကြဖို့ လက်နက်ပြ ခြိမ်းခြောက်မှုများ ရှိနေပြီး ကားပေါ်ပါလာသည့် ပစ္စည်းများကို ဂိတ်တွင် ဆွဲချခဲ့သည်ဟု ဒေသခံများက ဆိုသည်။

စားနပ်ရိက္ခာနှင့် ဆေးဝါးများ ဖြတ်တောက်ခံထားရသည့် အပြင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ် ခတ်ခြင်းများ ရှိနေခြင်းကြောင့် ရွာသားအချို့မှာ ရွာကိုစွန့်ခွာပြီး ပြောင်းရွှေ့နေကြသည်ဟု ဆိုသည်။

စစ်ကောင်စီမှ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ပြီး တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများကို ကုန်းလမ်းမှ ဆန်၊ စားသောက်ကုန်နှင့် ဆေးဝါးသယ်ယူခြင်းများကို ကန့်သတ်ခဲ့ပြီး၊ ယခုနှစ်တွင် ကုန်းလမ်းရော ရေ လမ်းကိုပါ ကန့်သတ်ခြင်းများနှင့် ပိတ်ဆို့ခြင်းများကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေခြင်း ဖြစ်သည်။

တနင်္သာရီတိုင်းအတွင်း တနင်္သာရီမြို့နယ် နည်းတူ ထားဝယ်၊ သရက်ချောင်း၊ ပုလောက်မြို့နယ်များထဲတွင် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များရှိသည့် ဒေသများကို ဆန်၊ စားသောက်ကုန်နှင့်ဆေးဝါး သယ်ယူခွင့် ဖြတ် တောက် ပိတ်ထားသေးသည်။