ဂျန်ဘာများ တပ်ဆင်ထားသည်ကို အကြောင်းပြ၍ လျှပ်စစ်မီတာခများ ပိုမိုကောက်ခံနေ

သတင်းနှင့်မီဒီယာကွန်ရက်
၂၀၂၄ ခုနှစ်၊ မတ် ၁၇ ရက်။

ပုသိမ်မြို့ အထွေထွေရောဂါကု ကိုးထပ်ဆေးရုံကြီးပေါ်တွင် ဂျန်ဘာ (ဆက်သွယ်ရေး ဖြတ်တောက်သည့်စက်) များ တပ်ဆင်ထားသဖြင့် မီတာဖတ်မရဟု အကြောင်းပြကာ မြို့နယ်လျှပ်စစ်ရုံးမှ လျှပ်စစ်ဓာတ်အားခများကို နှစ်ဆခန့် ပိုမိုတောင်းခံနေသည်ဟု ပုသိမ်မြို့ခံ အချို့က ပြောသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်တွင် ပြီးခဲ့သောနှစ် ဒီဇင်ဘာလမှ စတင်ကာ ယခုနှစ် မတ်လအထိ လျှစ်စစ် ဓာတ် အားခများကို သုံးစွဲထားသည့် ယူနစ်ထက် နှစ်ဆခန့် ပိုမိုတောင်းခံလာသဖြင့် မြို့နယ်လျှပ်စစ် မန်နေဂျာရုံးသို့ သွားရောက်၍ ရှင်းလင်းပေးရန် ပြောဆိုထားသော်လည်း ဖြေရှင်းပေးခြင်းမရှိသေးဘူးဟု အမှတ် ၃ ရပ်ကွက် တွင် နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြို့နယ်လျှပ်စစ်ရုံးမှ ဝန်ထမ်းအမျိုးသမီးတစ်ဦးက “မီတာကို ဓာတ်ပုံရိုက်ပြီး သွား ပြောတာ ဟုတ်တယ်။ မြို့ပေါ်မှာ ဂျန်ဘာတွေ တပ်ထားတော့ တိုင်ပေါ်က မီတာတွေကို မီတာ ဖတ်စက် ဖတ်မရ ဘူး။ ဒါ့ကြောင့် မှန်းပြီးထည့် လိုက်ရတာ” ဟု ပြောသည်။

အမှန်တကယ် သုံးစွဲထားသည့် ယူနစ်ထက် နှစ်ဆခန့် ပိုနေသဖြင့် အမှန်အတိုင်း ပြင်ပေးရန် ပြောသော်လည်း ယူ နစ် ၁၀၀ ကျော်ခန့်သာ မှားသဖြင့် စာရင်းသွင်းပြီး ဖြစ်၍ လာမည့် လမှသာ လျော့ချပေးနိုင်မည်ဟု ထို အမျိုးသမီး ဝန်ထမ်းက ပြောသည်။

ယူနစ် ၁၀၀ ပို့ဆောင်လိုက်ရသူ တစ်ဦးက “အမှန်သုံးထားတဲ့ ယူနစ် ၁၀၀ အတွက်သာ ပေးရရင် ၆,၀၅၀ ကျပ် ပေးရမှာ အခုက ယူနစ် ၂၀၀ အတွက်ဆိုတော့ ၁၇,၅၅၀ ကျပ် ဆောင်လိုက်ရတယ်။ ၁၁,၅၅၀ ကျပ် ပိုပေးလိုက် ရတယ်” ဟု ပြောသည်။

မြို့နယ်လျှပ်စစ်ရုံးနှင့် နီးစပ်သူတစ်ဦးက စာရင်းအမှန်နှင့် စာရင်းအမှား ကွန်ပျူတာနှစ်လုံးရှိကြောင်း နောက်လမှ စာရင်းအမှန် ပြင်ပေးလိုက်သော်လည်း ယူနစ် ၁၀၀ ပိုဆောင်ထားသူ တစ်ဦးထံမှ ငွေကျပ် ၅,၄၅၀ ကို ခိုးယူထား လိုက်ခြင်း ဖြစ်သည်ဟု ပြောသည်။

စီးပွားရေးပညာရှင်တစ်ဦးက “ဒါဟာ ဗြောင်လိမ်ပြီးတော့ ခိုးတာဖြစ်တယ်။ ဒီလတော့ ဆောင်ပေးလိုက်ပါ။ နောက်လမှ စာရင်းညှိပေးပါ့မယ် ဆိုပေမယ့် သုံးစွဲထားတဲ့ ယူနစ်ထက် ပိုဆောင်လိုက်ရတဲ့ လျှပ်စစ်သုံးစွဲသူတိုင်း ဆီက အချောင် နှိုက်ယူလိုက်တာ” ဟု တွက်ချက်ရှင်းပြသည်။

ဆက်လက်၍ ပုသိမ်မြို့တွင် လျှပ်စစ်သုံးစွဲသူဦးရေ တစ်သိန်းကျော် ရှိသဖြင့် တစ်ဦးထံမှ ငွေကျပ် ၁,၀၀၀ ခိုးယူ ခံရပါက တစ်လ ကျပ်သိန်း ၁,၀၀၀ ရှိကြောင်း၊ ယခုစာရင်းလိမ်ကာ ခိုးယူနေသည်မှာ တစ်ဦးလျှင် အနည်းဆုံး ကျပ် ၅,၀၀၀ အထက်ခိုးယူနေခြင်းဖြစ်သည် ဟု ဆိုသည်။

အမှတ် ၅ ရပ်ကွက်မှ လျှပ်စစ်သုံးစွဲသူတစ်ဦးက “မီတာခ ပေးရတာက အဆင့်လိုက်လေ ၃၅ ကျပ်ကနေပြီး ၁၂၅ ကျပ်အထိ ယူနစ် အနည်းအများပေါ် လိုက်ပြီး ဈေးကလည်း တက်သွားတာ” ဟု ပြောသည်။

ပုသိမ်မြို့တွင် ဂျန်ဘာ (ဆက်သွယ်ရေး ဖြတ်တောက်သည့်စက်) များ တပ်ဆင်ထားခြင်းကြောင့် အမှတ် ၂ ရပ် ကွက်၊ အမှတ် ၃ ရပ်ကွက်၊ အမှတ် ၄ ရပ်ကွက်၊ အမှတ် ၅ ရပ်ကွက်၊ အမှတ် ၆ ရပ်ကွက်များမှ ဓာတ်တိုင်ပေါ်ရှိ လျှပ်စစ်မီတာများမှာ မီတာဖတ်စက်ဖြင့် ဖတ်မရသဖြင့် ခန့်မှန်းပြီးသာ စာရင်းသွင်းရသည်‌ ဟု မီတာဖတ် ဝန် ထမ်းအချို့က ပြောသည်။