မေတ္တာမြို့ထဲတွင် စစ်ကောင်စီတပ်သား အလောင်းများနှင့် ရွာသားအလောင်းများတွေ့

သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ မတ်လ ၁၈ ရက်။

မေတ္တာမြို့တွင် တိုက်ပွဲဖြစ်ပွါးပြီးနောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဘက်မှ နယ်မြေရှင်းလင်းရေး ပြုလုပ် ချိန် ရွာသားအလောင်းများနှင့် ပုတ်ပွနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများကို တွေ့ရှိရသည်ဟု KNLA တာဝန်ရှိသူက ပြောသည်။

ထားဝယ်မြို့နယ်ထဲရှိ မေတ္တာမြို့တဝိုက်တွင် မတ်လ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မတ်လ ၁၆ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်များမှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေချိန် အသက် ၁၂ နှစ် အရွယ် ကလေးငယ်တစ်ဦး၏ အလောင်းနှင့် ဒဏ်ရာရရှိထားသည့် ရွာသားနှစ်ဦးကို တွေ့ရှိခဲ့ရသည့်အပြင် စစ် ကောင်စီတပ်ဖွဲ့ဝင် အလောင်း ခြောက်လောင်းကိုလည်း တွေ့ခဲ့ရသည်ဟု KNLA ၏ ပူးတွဲ တပ်ရင်းမှူး စောမှူးဂေ က ပြောသည်။

မတ်လ ၁၇ ရက်နေ့တွင်လည်း ဆက်လက်ရှင်းလင်းခဲ့ရာသေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် ရွာသား အလောင်း သုံးလောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်လောင်းကိုထပ်မံတွေ့ ရှိခဲ့သေးသည်။

နယ်မြေရှင်းလင်းရေး လုပ်နေသူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက “ဗိုလ်ကြီးအလောင်းလို့ ယူဆရတဲ့ အလောင်းကိုတော့ သွပ်ပြားနဲ့ အုပ်ထားတာ တွေ့တယ်။ စစ်သားအလောင်း တွေက ပုတ်ပွနံစော်နေပြီ။ ဓာတ်ပုံ ရိုက်ဖို့အတွက်တောင် အနားသိပ် မကပ်နိုင်ဘူး” ဟု ပြောသည်။

တိုက်ပွဲ မဖြစ်ပွားခင် စစ်ကောင်စီစစ်ကြောင်းမှ ကလစ်ကြီးကျေးရွာအနီး အမျိုးသား နှင့် အမျိုးသမီး ၁၀ ဦးကို ဖမ်းဆီးသွားခဲ့ပြီး လက်ရှိအချိန်ထိ ပြန်မလွှတ်လာသေးသည့်အတွက် မိသားစုဝင်များက စိုးရိမ်နေကြရကြောင်း အဆိုပါ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်က ဆိုသည်။

စစ်ကောင်စီတပ်မှ မေတ္တာမြို့ကို တိုက်လေယာဥ်များ၊ ရဟတ်ယာဥ်များဖြင့် ယခု မတ်လအတွင်း ၁၇ ကြိမ် ထက် မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဆေးရုံအပါအဝင် နေအိမ် ၁၀ လုံးကျော် မီးလောင်ပျက်စီးခဲ့သည်။

လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲဖြစ်ပွားနေမှုများကြောင့် မေတ္တာမြို့ပေါ်တွင် နေထိုင်ကြသူများမှာ နီးစပ်ရာ ဘေးလွှတ်နိုင်သည့် နေရာများသို့ မြို့လုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေကြရသည်။

လက်ရှိတွင် စစ်ကောင်စီ စစ်ကြောင်းမှ မေတ္တာမြို့ ဗျူဟာကုန်း တဝိုက်တွင် ရှိနေပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ကလည်း မြို့တဝိုက်တွင် ဆက်လက် နေရာယူထားသည်ဟု ဆိုကြသည်။