သရက်ချောင်း ပျူစောထီးစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်။

သရက်ချောင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ စခန်းချရာ နေရာတစ်ခုကို ပြည်သူ့ကာကွယ်‌‌ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ဖယ်ဒရယ်စစ်ကြောင်း၏ ဒု – စစ်ကြောင်းမှူးက ပြောသည်။

ကျောက်ဆည်ကျေးရွာ ဘုရားကုန်းပေါ်ရှိ ပျူစောထီးစခန်းကို မတ်လ ၁၉ ရက်နေ့၊ နံနက် ၅ နာရီ ၄၅ မိနစ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် စခန်းအတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီး ၂၀ ဦးခန့် တပ်စွဲထားသည့် စခန်းဖြစ် ပြီး တစ်နာရီနီးပါးအကြာတွင် အဆိုပါ စခန်းကို သိမ်းပိုက်ရရှိခဲ့သည်ဟု ဖယ်ဒရယ်စစ်ကြောင်း၏ တာဝန်ရှိသူက ပြောသည်။

ဖယ်ဒရယ်စစ်ကြောင်း၏ ဒုစစ်ကြောင်းမှူးက “ပျူစောထီးထဲက ကိုယ့်လူ ကိုယ်တိုင် စခန်း အခြေအနေကို သတင်းပေးတာကြောင့် ဝင်တိုက်ဖြစ်တာပါ” ဟု ပြောသည်။

တိုက်ပွဲအတွင်း ပျူစောထီး ၅ ဦးသေဆုံးပြီး ကျန်သည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ မှာ ထွက်ပြေးသွားကြသည်။

ထို့နောက် အဆိုပါ စခန်းကို ဖယ်ဒရယ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ကြသည်။

ထို့အပြင် စခန်းအထဲမှ M-16 သေနတ် တစ်လက်၊ ကာဘိုင်သေနတ် တစ်လက်၊ လက်ပစ်ဗုံး ရှစ်လုံး၊ ကျည်ဆံ များနှင့် အခြား ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြသည်။

ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်နေသည့် တချိန်တည်း၌ပင် လေးမိုင်ခန့် အကွာတွင် ရှိသည့် ပဲဒက်ကျေး ရွာမှ ပျူစောထီးစခန်းကိုလည်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်ခဲ့သေး သည်ဟု ဆိုကြသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်ဆည်ကျေးမှ ရွာသားများမှာ စိုးရိမ်ကြောက်လန့်ကာ ဘေးလွှတ်နိုင်မည့် နီးစပ် သည့် နေရာများဆီသို့ ရွာလုံးကျွတ် ရှောင်တိမ်းကုန်ကြပြီး လက်ရှိတွင် ရွာသားအချို့သာ ရွာထဲ ပြန်ဝင် ကြသေး သည်ဟု ရွာသားတစ်ဦးကပြောသည်။

တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် ဖယ်ဒရယ်စစ်ကြောင်းမှာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ပူးပေါင်းထားသည့် စစ်ကြောင်း ဖြစ်သည်။

မတ်လ ၂ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ်၊ ရောင်းမော်ကျေးရွာမှ စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သေးသည်။