“ဒလန်” ဆိုကာ သတ်ဖြတ်ခံရမှု စစ်ဆေးရန် NUG ကို ဒေသခံများ တောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ် ၊ ဧပြီလ ၂၀ ရက်။
‘ဒလန်’ ဟုဆိုကာ လောင်းလုံးမြို့နယ်ထဲက ရွာသားတစ်ဦး သတ်ဖြတ်ခံရသည့်ကိစ္စ ဖြေရှင်းပေးရန် အဖွဲ့ ၁၃ ဖွဲ့ စာထုတ်တောင်းဆို လိုက်ကြသည်။
လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က ဒလန်ဟု စွပ်စွဲကာ ရွာသားတစ်ဦးကို တရားလက် လွတ် ပစ်သတ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ – NUG က အမြန်ဆုံး စုံစမ်းစစ်ဆေး ဖြေရှင်းပေးရန် မြို့နယ်အတွင်းရှိ အဖွဲ့ ၁၃ ဖွဲ့မှ စာထုတ်တောင်းဆိုထားသည်။
စာထုတ်တောင်းဆိုထားရာတွင် ပါဝင်သည့် ဒို့ရွာလူငယ်များ ထောက်ပို့အဖွဲ့ တာဝန်ရှိသူတစ်ဦးက “လောင်းလုံး – ပကဖ အနေနဲ့ ဒလန်လို့ စွပ်စွဲ သတ်ဖြတ်တာတွေ မကြာခဏ လုပ်လေ့ရှိနေတယ်။ လက်မခံနိုင်တဲ့ အခြေအနေ တွေ ပြုလုပ်နေတာပါ။ သူတို့အနေနဲ့ ဘေးလူတွေ ပြောစကားကို သေချာတိကျအောင် စုံစမ်းဖို့လိုတယ်” ဟု ပြောသည်။
ဧပြီလ ၁၂ ရက်နေ့က ပစ်သတ်ခံခဲ့ရသောကြောင့် သေဆုံးသွားသူမှာ လောင်းလုံးမြို့နယ်၊ ပြင်းထိန်ကျေးရွာမှ အသက် ၅၃ နှစ်အရွယ် ဦးကြည်လေး ဆိုသူဖြစ်သည်။
ဒို့ရွာလူငယ်များ ထောက်ပို့အဖွဲ့ အပါအဝင် အဖွဲ့အစည်းအပေါင်း ၁၃ ဖွဲ့က ဦးကြည်လေးအတွက် တရားမျှတမှု ရရှိရေး ဧပြီလ ၁၅ ရက်နေ့က ထုတ်ပြန်တောင်းဆိုထားသည်။
ဦးကြည်လေးကို ဧပြီလ ၈ ရက်နေ့တွင် မြို့နယ်အတွင်းမှ ထွက်ခွာသွားဖို့ အိမ်တိုင်ရာ အရောက် သတိပေးခဲ့ ပေ မယ့် ထွက်ခွာသွားခြင်း မရှိခြင်းကြောင့် လေးရက် မြောက်နေ့တွင် ဝင်ရောက် ဖမ်းဆီးချိန် သေနတ်ဖြင့် ခြောက် လှန် ပစ်ခတ်ခဲ့ရာမှ ဦးခေါင်းကို ကျည်ထိမှန်ကာ သေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် – ပကဖ အဖွဲ့က ထုတ်ပြန် ထားသည်။
ဦးကြည်လေးမှာ မျက်နှာအရှေ့ဘက်ခြမ်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး ဦးခေါင်း ပွင့်ထွက်ဒဏ်ရာဖြင့် သေ ဆုံးနေသည်ကို တွေ့မြင်ခဲ့ရကြောင်း ရွာသားများက ပြောသည်။
သေဆုံးသွားသူမှာ ရပ်ရွာ၏ သာရေးနာရေး ကိစ္စနှင့် ပတ်သက်၍ မြို့နယ်ရဲစခန်းသို့ စစ်တပ် အာဏာမသိမ်းခင် အချိန်ကတည်းက ဝင်ထွက်သွားလာခဲ့သူ ဖြစ်သော်လည်း ရွာသူရွာသားများနှင့် ကျေးရွာကို တစ်စုံတစ်ရာ ဒုက္ခ မပေးခဲ့ဖူးသော သူတစ်ဦး ဖြစ်၍ စစ်ကောင်စီ သတင်းပေးဆိုသည့် စွပ်စွဲချက်မှာ မှန်ကန်မှုမရှိကြောင်း ရွာသား များက ပြောသည်။
ဦးကြည်လေး အသတ်ခံရမှုနှင့် ပတ်သက်၍ တရားမျှတမှုရရှိရေး အီးမေးလ်မှ တဆင့် NUG ကို တိုက်ရိုက် ဆက် သွယ် တိုင်ကြားထားပြီး တစ်စုံတစ်ရာ အကြောင်းပြန်လာခြင်း မရှိသေးဟု တောင်းဆိုသည့်အဖွဲ့ ၁၃ ဖွဲ့ တာ ဝန်ရှိသူများက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လနှင့် စက်တင်ဘာလ အတွင်း၌လည်း စစ်ကောင်စီအတွက် သတင်းထောက်လှမ်း သူ၊ ပျူစောထီးအဖွဲ့ဝင်၊ ပျူစောထီးမိသားစုဝင်၊ စစ်တပ်၏ လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူ စသည့် အကြောင်းပြချက်များနှင့် သီလရှင် ဒေါ်နန္ဒစာရီ၊ ကိုနေရဲစိုး အပါအဝင် စုစုပေါင်း ၄ ဦး ပစ်သတ်ခံခဲ့ရသည်။
သီလရှင်ဒေါ်နန္ဒစာရီနှင့် ကိုနေရဲစိုးတို့၏ မိသားစုဝင်များကလည်း NUG ထံသို့ ၎င်းတို့၏ မိသားစုဝင်များမှာ ‘ဒလန်’ မဟုတ်ကြောင်း ငြင်းဆိုခဲ့ကြပြီး တရားမျှတမှုရရှိဖို့ တောင်းဆိုထားကြသည်။