ဘော်လခဲရှိ စစ်ကောင်စီ စခန်းကို ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်များ သိမ်းပိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်။
ကရင်နီပြည် ဘောလခဲမြို့နယ်အတွင်းက စစ်ကောင်စီ လက်အောက်ခံ စခန်းတစ်ခုကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များက သိမ်းယူနိုင်ခဲ့သည်။
ဘောလခဲ၊ လွိုင်ကော်- ဒီးမော့ဆို တစ်လျှောက်၌ ဩဂုတ်လအတွင်း တိုက်ပွဲများ ရက် ဆက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အခိုင်အမာတပ်စွဲထားသည့် ရေကျော် စခန်းကို တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့သည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ပြောသည်။
ဩဂုတ်လအတွင်း စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ရက်ဆက် ဖြစ်ပွားခဲ့သည့် ကရင်နီပြည်ထဲက စစ်ကောင်စီတပ်၏ ရေကျော်စခန်းကို ဩဂုတ်လ ၈ ရက်နေ့တွင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်ဟု ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် က ပြောသည်။
“မကြာပါဘူး။ ကျနော်တို့ အဲ့ဒီရေကျော်ကြတော့ ခဏနဲ့ပဲ နေ့တစ်ပိုင်းပဲ ရသွားတယ်။ ကျနော်တို့ ပစ်တယ်။ ဒရုန်းနဲ့ ဝင်တိုက်တော့ သူတို့ ရှုံးသွားတယ်ပေါ့။ ရှုံးပြီးတော့မှ ဘောလခဲဘက် ပြန်ဝင်တယ်။ သူတို့ ဗျူဟာရုံးမှာ နောက်အဲ့စခန်း ကျနော်တို့ သိမ်းတယ်ပေါ့။ သိမ်းလို့ရတဲ့ အနေအထား ရောက်သွားပါတယ်။”
စစ်ကောင်စီတပ်က အခိုင်အမာတပ်စွဲထားသည့် ရေကျော်စခန်းသည် ဘောလခဲမြို့နှင့် မယ့်စလောင်းတောင် ကြားတွင် တည်ရှိပြီး ကရင်နီ လက်နက်ကိုင် တော်လှန်ရေးတပ်များ ဖြစ်သည့် ကရင်နီပြည် တပ်မတော် KA၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး KNPLF တို့က ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်ဟု ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောသည်။
ထိုစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အလောင်း (၆) လောင်း တွေ့ရှိခဲ့ရပြီး လက်နက်ငယ် ( ၇) လက်၊ 9MM ပစ္စတို (၁) လက်၊ (၈၁) မမပြောင်း (၁ ) လက်နှင့် ခဲယမ်း အသုံးအဆောင်များကိုလည်း သိမ်းဆည်း ရရှိခဲ့ သည် ဟု ဆိုသည်။
ဩဂုတ်လအတွင်း စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တို့ အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲ အခြေ အနေများနှင့် ပတ်သက်၍လည်း KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင် က ယခုကဲ့သို့ ပြောသည်။
“ကရင်နီထဲမှာ တိုက်ပွဲကတော့ ကြိုတို ကြိုကြားပဲရှိမယ်နော။ အကြီးအကျယ်တော့ မရှိသေးဘူး။ ဒီလွိုင်ကော် အနီးအနား မှာပေါ့။ လွိုင်ကော် ပတ်ဝန်းကျင်တော့ ရှိတယ်လေ။ ပြောက်ကျားလေးပဲ လုပ်ပါတယ်။ အကြီး အကျယ်တော့ မရှိဘူးနော်” ဟု ဆိုသည်။
လွိုင်ကော် – ဒီးမော့ဆို လမ်းမကြီး တစ်လျှောက်တွင် ဩဂုတ်လ ၁ ရက်နေ့မှ စတင်၍ စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေး တပ်ဖွဲ့များမှ တားဆီး တိုက်ခိုက်ခဲ့၍ ပန်ကန်း၊ ဒေါပိုးစီ၊ ၆ မိုင်စံပြ ကျေး ရွာများတစ်လျှောက် တစ်လလုံး ထိတွေ့တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲများထဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်မှုများခဲ့ပြီး ၎င်းတို့၏ ခဲယမ်းမီးကျောက်များ၊ ဆေးဝါးများ၊ ကျန်းမာရေးသုံး ပစ္စည်းများနှင့် အသုံးအဆာင်များကို သိမ်းဆည်း ရရှိခဲ့သည်ဟု KNDF က စက်တင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် ဩဂုတ်လအတွင်း လွိုင်ကော် – ဒီးမော့ဆို လမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုး လှုပ် ရှားခဲ့ပြီး ပန်ကန်း၊ ဒေါပိုးစီ၊ ၆ မိုင် စံပြကျေးရွာများ တစ်လျှောက်ရှိ အရပ်သား ပြည်သူများ၏ နေအိမ် အလုံးရေ ၄၀ ကျော် မီးရှို့ဖျက်ဆီးခဲ့သည်။
ဩဂုတ်လ နောက်ဆုံးအပတ်တွင် စစ်ကောင်စီတပ်သည် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသည့် လူနေကျေးရွာ များဘက်သို့ လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ ဒီးမော့ဆိုမြို့နယ်အတွင်း လက်နက်ကြီး ထိမှန်၍ နေအိမ် ၃ လုံး ပျက်စီးပြီး ကလေးငယ်တစ်ဦး ထိခိုက် ဒဏ်ရာရရရှိခဲ့သည် ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ဆိုသည်။
ဒေသခံ ပြည်သူများ အနေဖြင့် လက်ရှိ မြေပြင် စစ်ရေး အခြေအနေများအရ လွိုင်ကော် – ဒီးမော့ဆို လမ်းမကြီး အပါအဝင် ၎င်းလမ်းနှင့် ဆက်သွယ်ထားသည့် လမ်းသွယ်များအား အသုံးပြုသွားလာခြင်းများ မလုပ်ကြရန် KNDF ဗဟို သတင်း နှင့် ပြန်ကြားရေးဌာနမှ စက်တင်ဘာလ ၃ ရက်နေ့တွင် ထပ်မံ ထုတ်ပြန် အသိပေး တိုက်တွန်းထားသည်။