ခမရ ၅၉၉ မှ စစ်သား နှစ်ဦး အလင်းဝင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၁၃ ရက်။
ဘုတ်ပြင်း ခမရ – ၅၅၉ တပ်ရင်းမှ တပ်သားသစ် ၂ဦး ဒေါနတပ်ရင်းထံ လက်နက်များနှင့် ဘက်ပြောင်းခိုလှုံ လာ ကြသည်။
တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် အခြေစိုက် စစ်ကောင်စီ၏ ခမရ – ၅၅၉ တပ်ရင်းမှ အဓမ္မ စစ်မှုထမ်း စုဆောင်း ခံရသူ တပ်သားသစ် ၂ ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာသည်ဟု တောင်ပိုင်း စစ်ဒေသ တာဝန်ရှိသူက ပြောသည်။
ဘက်ပြောင်းခိုလှုံလာသူနှစ်ဦးသည် ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရပြီးသည့်နောက် မြန်မာနိုင်ငံ ကော့သောင်းကမ်း ဘက်သို့ ပြန်ပို့ခံရကာ စစ်မှုထမ်းအပတ်စဥ် – ၅ အတွက် အဓမ္မစစ်သားသစ် အဖြစ် စုဆောင်းခံရသူများ ဖြစ်ကြ ကြောင်း ဒေါနတပ်ရင်းမှ ဇန္နဝါရီလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ဒေါနတပ်ရင်းမှူးက “လောလောဆယ်တပ်ရင်း သူတို့ နှစ်ယောက်စလုံးကို ဆုငွေပေးထားတယ်၊ တပ်ရင်းမှာပဲ တော်လှန်ရေး တပ်သားအဖြစ် ဆက်လုပ်မယ်လို့ ပြောတယ်၊ ပါလာတဲ့ လက်နက်စာရင်းတွေကို ပြည်သူ့ရင်ခွင် အစီအစဥ်ကို တင်ပြပြီးတော့ ဆုထပ်ပြီး ချီးမြှင့်ပေးနိုင်ဖို့ စီစဥ်နေပါတယ်” ဟု ပြောသည်။
စစ်ရေးတင်းမာလျက်ရှိနေသည့် မွန်နှင့် ကရင်နယ်စပ်ရှိ အနန်းကွင်း စစ်ဗျူဟာအနီးရှိ ရဲတံခွန်ကျေးရွာသို့ ရှေ့တန်း ပို့ဆောင်ခံထားရပြီး ကင်းစောင့်နေစဉ် ဒေါနတပ်ရင်းနှင့် အဆက်အသွယ်ရယူကာ ထွက်ပြေးလာခဲ့ကြ ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဇန္နဝါရီလ ၁၁ ရက်နေ့တွင် ခိုလှုံလာသည့် စစ်ကောင်စီတပ်သား ၂ ဦးသည် ၎င်းတို့နှင့်အတူ MA-1 (၁) လက်၊ MA-3 (၁) လက်၊ ကျည် (၁၇၅) တောင့်၊ ကျည်ဘောက် (၆) ခုနှင့် လက်ပစ်ဗုံး တစ်လုံးကိုလည်း ယူလာကြသည်။
ဒေါနတပ်ရင်းတွင် စစ်ကောင်စီဘက်မှ ခိုလှုံလာသူဦးရေ စုစုပေါင်း နှစ်ဆယ်ကျော်ရှိနေပြီ ဖြစ်ပြီး စစ်မှုထမ်းသင်တန်းဆင်းသူ တပ်သား ထက်ဝက်နီးပါးခန့် ပါဝင်သည်ဟု ဒေါနတပ်ရင်းမှူးက ဆိုသည်။
စစ်ကောင်စီ၏ စစ်မှုထမ်း အမိန့်ကြောင့် အတင်းအဓမ္မ တပ်သားအဖြစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ ဘက်မှ ရပ်တည်လိုသည့် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် ဒေါန တပ်ရင်းနှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ၊ နီးစပ်ရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များသို့ ချိတ်ဆက် ပူးပေါင်းနိုင် ကြောင်း တောင်ပိုင်းစစ်ဒေသက အသိပေးတိုက်တွန်းထားသည်။