ဒဏ်ရာရသူများကို သယ်လာသည့် စစ်ကောင်စီယာဥ်တန်းကို ပကဖ ပူးပေါင်းတပ်များ တိုက်ခိုက် 

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်။ 

ဒဏ်ရာရထားသည့် စစ်ကောင်စီတပ် သားများကို မြိတ်မြို့သို့ ပြန်လည်ပို့ဆောင်သည့် ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဗိုလ်ခရင်းတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ 

မြိတ်ခရိုင် တနင်္သာရီမြို့နယ် ထိုင်း – မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ သိန်ခွန်းကျေးရွာ တိုက်ပွဲတွင် ဒဏ်ရာရစစ်ကောင်စီတပ်သားများကို သယ်ဆောင်လာသည့် ကား ၇ စီးပါ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခံရခြင်းဖြစ်သည်။ 

အမှတ် ၃၀၆ အမြောက်တပ်တွင် တစ်ညတာခေတ္တရပ်နားပြီး မတ်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီခန့်မြိတ်မြို့ဘက်သို့မောင်းနှင်လာသည့်အချိန် တနင်္သာရီမြို့နယ်အတွင်းရှိ ရမ်းဖိုရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

တိုက်ခိုက်မှုကို ရမ်းဖိုရွာအနီးရှိ ဆီအုန်းကုန်းတွင် ဗိုလ်ခရင်းတပ်ဖွဲ့ ၊တောကြီး မြွေဟောက်တပ်ဖွဲ့၊ မြိတ်ပကဖအဖွဲ့ နှင့် ပကဖဇုန်(၃) အဖွဲ့တို့မှ ပူးပေါင်း၍ မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီကားတစ်စီး ပျက်စီးသွားခဲ့ကြောင်းကို ဗိုလ်ခရင်းတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။ 

အပြန်အလှန်ပစ်ခတ်မှု တစ်နာရီခန့်အကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိနိုင်ကာ ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ 

“သူတို့က ကားတွေကို အရှိန်နဲ့အတင်းမောင်းလာကြတာ၊ ပြန်ပစ်ခတ်ပေမဲ့ လက်နက်အင်အားနည်းတဲ့ပုံစံပဲ၊ ကားတစ်စီးမှာ သေနတ် နှစ်လက် သုံးလက်လောက်နဲ့ ပြန်ပစ်ကြတယ်၊ အနီးနားက တပ်တွေက လက်နက်ကြီးပစ်ကူပေးသေးတယ်” ဟု တိုက်ခိုက်ရာတွင်ပါဝင် ခဲ့သူ တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။ 

မိုင်းဆွဲတိုက်ခိုက်ခံရသည့်ကားမှာဆက် လက်မောင်းနှင်၍ မရတော့ပဲ ၊ အခြားစစ်ကားတစ်စီးမှ ဆွဲသွားသည်ကိုတွေ့မြင်ရပြီး လမ်းတစ်လျှောက်ကားပေါ်မှသွေးများယိုစီးကျနေသည်ကိုမြင် တွေ့ရကြောင်း ၄င်းက ဆိုသည်။ 

ဇဝဲရွာအခြေစိုက် ခမရ ၅၅၆ တပ်ရင်းနှင့် မော်တုံးရွာအခြေစိုက် ၃၀၆ အ မြောက်တပ်ရင်းကလည်း ယာဥ်တန်းမထွက်မီ လက်နက်ကြီးဖြင့်ကြိုတင် ပစ် ခတ်ခဲ့သေးသည်ဟု သူက ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးသည့်နောက် စစ်ကောင်စီကားတစ်စီး အင်ဂျင်ပေါက် သွားသဖြင့် ရမ်းဖိုရွာတွင်ခေတ္တရပ်နားကာ မြိတ်ဘက်သို့ ဆက်လက်ထွက်ခွာသွားသည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့ရ သည့် ခရီးသွားအမျိုးသားတစ်ဦးက ပြောသည်။ 

မတ်လ ၂၆ ရက်နေ့ကလည်း စစ် ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် ဖွဲ့တို့ ရမ်းဖိုကျေးရွာတွင် တိုက်ပွဲဖြစ် ပွားခဲ့သေးသည်။. 

ထိုင်း – မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် တနင်္သာရီ – မောတောင်လမ်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် အတွက် စစ်ကောင်စီက သိန်ခွန်းကျေးရွာဝန်းကျင်ကို စစ်ကြောင်းထိုးနေသည်မှာ သုံးလကျော် ရှိလာပြီဖြစ်သည်။ 

လက်ရှိတွင် စစ်ကောင်စီဘက်က ရိက္ခာယာဉ်တန်း ပို့ဆောင်ခြင်းမျိုးများကိုပြု လုပ်နေပြီး ရွာသားများကို ဖမ်းဆီးကာ ၎င်းတို့၏ အကာအကွယ်အဖြစ်အသုံး ပြုခြင်းများကို ပြုလုပ်နေခြင်းကြောင့် မလိုအပ်ဘဲခရီးသွားလာခြင်းမပြုလုပ်ကြရန် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ထုတ်ပြန်ထားသည်။