ဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် လုပ်ငန်းရှင်များ ပို့ကုန်လိုင်စင်လျှောက်ရန် မလိုပဲ ကုန်ပစ္စည်းတင်ပို့နိုင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၃ ရက်။ 

မြန်မာနိုင်ငံ အဝန်းရှိ ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် Myanmar Trade Net 2.0 စနစ်တွင် ပို့ကုန်လိုင်စင်များ လျှောက်ထားရန် မလိုဘဲ ပြည်ပသို့ တင်ပို့နိုင်ပြီဟု ကုန်သွယ်ရေး သတင်းအရင်းအမြစ်များက ပြောသည်။

လက်ရှိ ဖြစ်ပွားနေသည့် မြေငလျင်ဂယက်ကြောင့် အင်တာနက်နှင့် ဆက်သွယ်ရေးစနစ်များ အခက်အခဲ ဖြစ်ပေါ် နေသဖြင့် ဧပြီလအတွင်း ပို့ကုန်များအား စစ်ကောင်စီ လက်အောက်ခံ စီးပွားကူးသန်း ဝန်ကြီးဌာနမှ အလွတ် ပို့ဆောင်ခွင့်ပြုထားခြင်း ဖြစ်သည်။

နယ်စပ်ကုန်သွယ်ရေးဂိတ်နှင့် နီးစပ်သူတစ်ဦးက သူတို့ အကောက်ခွန် လုပ်ထုံးလုပ်နည်းနဲ့ အညီတော့ လုပ်ရမှာ ပေါ့။ သူတို့ ကြေညာထားတဲ့ အမှတ် ဘယ်လောက်ဘာညာပေါ့ အဲဒါအရ တင်ပို့ပါသည်လို့ ရေးလိုက်ရင်ရပြီ။ အခုမှ လိုင်စင်လျှောက်ရင်လည်း ဘယ်လိုမှ မမှီတော့ဘူး ဟု ပြောသည်။

ဧပြီလအတွင်း ပို့ကုန်လိုင်စင်များ လျှောက်ထားရန် မလိုအပ်သဖြင့် ဆိပ်ကမ်းသို့ ပို့ဆောင်ရန် အချိန်နီးကပ်နေ သည့် စိုက်ပျိုးရေးထွက် ထုတ်ကုန်ပစ္စည်းများမှာ ကုန်စည်စီးဆင်းမှုများ မြန်ဆန်လာနိုင်မည်ဟု ဆိုကြသည်။

သို့သော် လက်ရှိ အခြေအနေအား စီးပွားကူးသန်းဦးစီးဌာန ဝန်ထမ်းများမှ လာဘ်ပေးလာဘ်ယူ ပြုလုပ်လာမည် ကို စိုးရိမ်နေရသည်ဟု နယ်စပ်ဒေသ ပို့ကုန်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ပေးရတာတော့ မထူးဘူး။ ဘော်ဒါကြေးက ဘာနေနေ ပေးရေမှာပဲ။ အရင်ထက်စာရင် အလုပ်ရှုပ် သက်သာ တာ ပဲရှိမှာ။ သူတို့ အမိန့်ကတည်း ခုတမျိုး တော်ကြာတမျိုးဆိုတော့ စောင့်ကြည့်ရဦးမယ်။” 

ဧပြီလ ၁ ရက်နေ့မှစ၍  ပို့ကုန်လုပ်ငန်းရှင်များအား အလိုလျှောက် ခွင့်ပြုမိန့်ပေးသည့် Myanmar Trade Net 2.0 စနစ်တွင် လိုင်စင်များ လျှောက်ထားရန် စစ်ကောင်စီက ညွှန်ကြားထားခြင်း ဖြစ်ပြီး လက်ရှိတွင် ယာယီ ရပ်ဆိုင်းထားသဖြင့် မေလရောက်မှသာ ထပ်မံကြေညာသွားမည်ဟု ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က စစ်ကိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ရှမ်းပြည်တောင်ပိုင်း ဒေသတို့တွင် ဦးတည်လှုပ်ခတ်ခဲ့သည့် ၇.၇ ရက်ချက်စတာစကေးရှိ မြေငလျင်ကြောင့် အင်တာနက်နှင့် ဖုန်းလိုင်းများ ပြတ် တောက်ခဲ့ပြီး ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များ အနေဖြင့် များစွာ အခက်အခဲ ကြုံတွေ့ခဲ့ကြရသည်။