နှစ်နှစ်ခွဲအတွင်း ကျောင်းပေါင်း ၂၄၀ ကျော် လေကြောင်း တိုက်ခိုက်မှု ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၁၄ ရက်။
နှစ်နှစ်ကျော် ကာလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပေါင်း ၂၆၀၀ ကျော် ပြုလုပ်ခဲ့ပြီး ကျောင်း ပေါင်း ၂၄၀ ကျော် ထိမှန်ပျက်စီးခဲ့ရသည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ NUG လူအခွင့် အရေးဆိုင်ရာ ဝန်ကြီးဌာန က မေလ ၁၃ ရက်နေ့ (ယမန်နေ့) က ထုတ်ပြန်သည်။
အဆိုပါ အရေအတွက်သည် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ် မေလ ၁၂ ရက်နေ့အထိဖြစ်သည်ဟု NUG လူ့အခွင့်အရေး ဆိုင်ရာ ဝန်ကြီးဌာနက ဆိုသည်။
NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက “၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် မေလ ၁၂ ရက်နေ့အထိ လေကြောင်း တိုက်ခိုက်ခံရသည့် ဖြစ်စဉ်ပေါင်း (၂၆၇၉) ကြိမ် ရှိရာတွင် ကျောင်းပေါင်း ၂၄၀ ကျောင်း ပျက်စီးဆုံးရှုံးခဲ့ရသည်” ဟု ပြောသည်။
လက်ရှိတွင် စစ်ကောင်စီသည် နိုင်ငံတဝန်း ယာယီ အပစ်အခတ်ရပ်စဲရေးကို ၂၀၂၅ ခုနှစ် မေလ ၃၁ ရက်နေ့အထိ သက်တမ်းတိုးသည်ဟု ကြေညာထားသော်လည်း အရပ်သား ပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်မှုများကို ပိုမိုတိုးမြင့်လုပ်ဆာင်လာခဲ့သည်။ ထိုတိုက်ခိုက်မှုများတွင် ဘာသာရေး အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဆေးရုံများကို ပစ်မှတ်ထား တိုက်ခိုက်မှုများသည် ပိုမိုမြင့်တက်လာခဲ့သည်ဟု NUG က ဆိုသည်။
ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခံရာ ကျောင်းသား/သူ နှင့် ဆရာမများ သေဆုံးခဲ့ရသည့်အပြင် ပြည်သူ ၁၀၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဘေးလွတ်ရာသို့ အများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်ဟု NUG က ပြောသည်။
“အကြမ်းဖက် စစ်အုပ်စုသည် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို ၂၀၂၅ ခုနှစ် မေလ ၁၂ ရက်နေ့ မနက် ၉ နာရီ ၃၅ မိနစ်ခန့်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးနှင့် စေတနာ့ဝန်ထမ်း ဆရာမ ၂ ဦး သေဆုံးခဲ့ပြီး၊ ပြည်သူ ၁၀၂ ဦး ကျော် ထိခိုက်ဒဏ်ရာရမှု ဖြစ်စေခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် အိမ်ခြေ ၃၀၀ ခန့်ရှိသော အိုးတိန်တွင်း ကျေးရွာမှာ ပြည်သူ ၅၀၀ ခန့် ဘေးလွတ်ရာ သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်” ဟု NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။
လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုမြောက် သော ကျူးလွန်မှုဖြစ်ပြီး စစ်ကောင်စီ အနေဖြင့် ယခုကဲ့သို့ လူမဆန်သည့် ကျူးလွန်မှုများကို ကျယ်ကျယ်ပြန့် ပြန့်နှင့် စနစ်တကျ ကျူးလွန်နေသည်ဟု ဆိုသည်။ ထိုကျူးလွန်မှုများအတွက် စစ်ကောင်စီကို ရာဇဝတ်ကြောင်း အရ အရေးယူနိုင်ရန်အတွက် နိုင်ငံတကာ တရားရုံးများတွင်သာမက နိုင်ငံအလိုက် တရားရုံးများတွင်ပါ တရားမျှတမှု ဖော်ဆောင်နိုင်ရေး လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အနေဖြင့် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ပြောသည်။
ထို့အပြင် လူမဆန်သော တိုက်ခိုက်မှုအပေါ် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အနေဖြင့် ပြင်းထန်စွာ ရှုတ်ချပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းများအနေဖြင့်လည်း ယခုကဲ့သို့သော အရပ်သား၊ ပြည်သူများ အပေါ် စစ်ကောင်စီက ဆက်လက် တိုက်ခိုက်နေမှုများကို ရပ်တန့်စေရေး ဖိအားပေး ဆောင်ရွက်ရန် NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက တိုက်တွန်းသည်ဟု ဆိုသည်။