မိုးကုတ်မြို့ အနာက်ပိုင်းကို စစ်တပ်က လေကြောင်းမှ တိုက်ခိုက်မှုထဲ ပြည်သူ ၁၃ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂ ရက်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့ အနောက်ပိုင်းရှိ ရပ်ကွက်များအား စစ်ကော်မရှင်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အရပ်သား ၁၃ ဦးအထိ သေဆုံးပြီး ၂၀ ကျော်အထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သည့် မြို့ခံများက ပြောသည်။

မိုးကုတ်မြို့ အနောက်ပိုင်း၊ ဂေါင်းဦးဘာထိပ်ရပ်ကွက်၊ ရွှေမောင်းအရက်ဆိုင်နှင့် မင်းကြိုက်လက်ဘက်ရည်ဆိုင် အနီးတစ်ဝိုက် နေရာများအား ဩဂုတ်လ ၂ ရက်နေ့၊ နံနက် ၈ နာရီခွဲ အချိန်ခန့်၌ ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချခဲ့ခြင်း ဖြစ်သည်။

ဂေါင်းဦးဘာထိပ်ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီး တစ်ဦးက သေဆုံးသူများတာက ကြဲတဲ့အကြိမ်ရေ များလို့တော့ မဟုတ်ဘူး။ အခုကြဲတာက လေယာဉ်သံကြားတာနဲ့ ကြဲပြီးနေပြီ။ ၂ ဖက်ကွဲတဲ့ ဗုံးအမျိုးအစားလို့ ထင်တာပဲ။ ရှောင်ချိန်ကို မရတော့တာ။ လမ်း ၂ ဖက်ရှိတဲ့ အိမ်တွေ ထိတာ။ ဘုန်းကြီးလည်း ပွဲချင်းပြီးပဲ ဟု ပြောသည်။

အရပ်သား ၁၃ ဦးအနက် ၇ ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန် ၆ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံ၌ ဆေးကုသမှု ခံယူနေစဉ်အတွင်း ထပ်မံသေဆုံးခဲ့ရသည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

မိုးကုတ်မြို့ကို လက်ရှိ ထိန်းချုပ်ထားသည့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့မှ စ၍ ဩဂုတ်လ ၅ ရက်နေ့အထိ မြို့အဝင် လမ်းပိုင်း ၆ ခုအား ၈ ရက်ကြာ ပိတ် မည်ဟု ကြေညာပြီးနောက်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု နေ့စဉ်ရက်ဆက် ကျူးလွန်လာခြင်း ဖြစ်သည်ဟု မိုးကုတ်မြို့ခံ တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။

လမ်းပိတ်တယ်လို့ ကြေညာတာနဲ့ ဗုံးကြဲတာက တော်တော်လူမဆန်တာပေါ့။ တဖက်ကလည်း ကြဲနေမှန်း သိသိရက်နဲ့ ရှောင်ဖို့လမ်း ဖွင့်မပေးဘူး။ မြို့သိမ်းတာ တစ်နှစ်ကျော်ပြီ။ ဘာမှတိုးတက်အောင် လုပ်တာမျိုး မရှိ ဘူး။ မိုးကုတ် – မန္တလေးလမ်း တစ်လျှောက်က ရွာတွေမှာဆို လေကြောင်း Alarm (သတိပေးသံ) လုပ်ထား ကြ တယ်။ ဒီမှာတော့ ဘာအစီစဉ်မှ ရှိမနေဘူး။” 

အလားတူ သပိတ်ကျဉ်းမြို့နယ်၊ မိုးကုတ် – မန္တလေးလမ်းပိုင်းရှိ ချောင်းကြီးကျေးရွာကိုလည်း စစ်ကောင်စီက ယနေ့ နံနက်ပိုင်း၌ လေကြောင်းတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှု အသေးစိတ် အခြေအနေအား ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။

လက်ရှိ ဖြစ်စဉ် မတိုင်မီအထိ ပြီးခဲ့သည့် ဇူလိုင်လအတွင်း မိုးကုတ်မြို့၌ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှု ကြောင့် အရပ်သား ၁၀ ဦးအထိ သေဆုံးခဲ့ပြီး ၃၄ ဦးအထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု မြို့ခံအုပ်ချုပ်ရေးအဖွဲ့ များ၏ ပြုစုထားသည့် သတင်းအချက်အလက် စာရင်းများအရ သိရသည်။