စစ်ကော်မရှင်တပ်က တစ်ရက်အတွင်း ပလမြို့ကို လေကြောင်းဖြင့် သုံးကြိမ် ဗုံးကြဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂ ရက်။
ပုလောမြို့နယ်၊ ပလမြို့တွင် စစ်ကော်မရှင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့်ပါ သုံးကြိမ်ဗုံးကြဲကာ တိုက်ခိုက်ခဲ့သည်ဟု မြို့ခံများက ပြောသည်။
ဩဂုတ်လ ၁ ရက်နေ့ မွန်းတည့်ချိန်မှ စ၍ ညနေပိုင်း ၄ နာရီဝန်းကျင်ထိ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဂျက်တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ကာ ရဟတ်ယာဉ်ဖြင့်လည်း တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အသက် ၅၀ ခန့်အရွယ် စစ်ရှောင်နေရသူ မြို့ခံတစ်ဦးက “လေကြောင်းကနေ ဗုံးနဲ့ကြဲတာ သုံးကြိမ်ရှိပြီ၊ လူထိ ခိုက်တာတော့ မသိရသေးဘူး တိုက်ပွဲက ဖြစ်နေသေးတော့ စစ်ရှောင်နေရပြီးပုန်းနေကြရတယ်၊ အိမ်နှစ်ဆောင် လည်း မီးလောင်နေတယ်လို့ ကြားသိနေရတယ်၊ ဘယ်သူမှ သွားကြည့်မရဲဘူး အားလုံးက အသက်လုနေကြရတဲ့ အချိန်မှာ” ဟု ပြောသည်။
ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ပလမြို့ပေါ်ရှိ လူနေအိမ်နှစ်ဆောင် မီးလောင်ပျက်စီးခဲ့ကြောင်း မြို့ခံများက ဆို
သည်။
ပလမြို့အတွင်းရှိ စစ်ကော်မရှင်တပ်ဖွဲ့က တွေ့မြင်သမျှ ပြည်သူများကို သေနတ်ဖြင့် ပစ်ခတ်လျက်ရှိနေသည့် အပြင် လေကြောင်းမှလည်း နေ့စဥ်ဆက်တိုက် ဗုံးကြဲနေသည့်အတွက် မြိုခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေကြရသည်။
စစ်ကော်မရှင်တပ်၏ လေကြောင်းမှ ပထမအကြိမ်တွင် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၂ လုံး၊ ဒုတိယအကြိမ်၌ ရဟတ်ယာဉ်ဖြင့် ဗုံး ၁၅ လုံးနှင့် တတိယအကြိမ်တွင် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၂ လုံး လာကြဲသွားသည်ဟု မြို့ခံများက ပြောသည်။
ပလမြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများတွင် ဇူလိုင်လ ၂၄ ရက်နေ့မှ ဩဂုတ်လ ၁ ရက်နေ့အထိ စစ်ကော်မရှင် တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကိုလည်း နေ့စဥ်နီးပါး လုပ်နေသည်ဟု ဆိုကြသည်။
လေကြောင်း တိုက်ခိုက်မှုများကြောင့် ရွာသား ၆ ဦး သေဆုံးခဲ့ပြီး ဘုန်းကြီး ၂ ပါး ပျံလွန်တော်မူခဲ့သည့်အပြင် ပြည်သူ ၁၀ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့သည်။