ရေဖြူမြို့နယ်အတွင်း အရပ်သား ရှစ်ဦးကို စစ်တပ်မှ ဖမ်းဆီး
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၄ ရက်။
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပရဒတ်ကျေးရွာတွင် စစ်ကော်မရှင်တပ်မှ ရွာသား ရှစ်ဦးကို ဖမ်းဆီးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။
တနင်္သာရီတိုင်း ထားဝယ် အထူးစီးပွားရေးဇုန် ဧရိယာ၊ ရေနက်ဆိပ်ကမ်းရှိ ယာယီစစ်စခန်းသို့ ရောက်နေသည့် စစ်ကော်မရှင်စစ်ကြောင်းက သြဂုတ်လ ၂ ရက်နေ့ နံနက် ၆ နာရီခန့်တွင် နဘုလယ်ဒေသအတွင်းရှိ ပရဒတ်ကျေးရွာသို့ ရောက်ရှိ လာပြီး ရွာသားများကို ဖမ်းဆီးသွားခြင်း ဖြစ်သည်။
အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက “ရွာအထဲမှာက ဖုန်းလိုင်းက လုံးဝမရဘူး၊ ပြောချင်ရင် ရွာအပြင် ထွက် ပြောနေကြရတယ်၊ စစ်ကြောင်းဝင်လာတာကို လိုင်းမရတော့ သတင်းမရဘူးလေ၊ စစ်တပ်ရွာထဲဝင် လာ တော့ နာရေးအိမ်မှာ ရှိနေတဲ့သူတွေ ဖမ်းခေါ်သွားတာ။ လမ်းမှာတွေ့တဲ့ သူတွေရော အကုန်ဖမ်းခေါ်သွားတာ” ဟု ပြောသည်။
ပရဒတ်ကျေးရွာက ရွာသား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း အယောက် ၂၀ ခန့်ကို ကနဦး ဖမ်းဆီးသွားခြင်း ဖြစ်သည်။
ထို့နောက် နံနက် ၁၀ နာရီအချိန်ခန့်တွင် ဖမ်းဆီးထားသည့် ရွာသားများကို ခေါ်ဆောင်၍ စစ်ကြောင်း ပြန်လည် ထွက်ခွာသွားပြီးနောက် ထွက်ဝကျေးရွာအနီး အရောက်တွင် အမျိုးသမီးနှင့်သက်ကြီးပိုင်း အမျိုးသား အချို့ကို ပြန်လွှတ်ပေးခဲ့သည်။
သို့သော် အမျိုးသား ၈ ဦးကိုမူ ဆက်လက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ယနေ့အချိန်ထိ အဆင်အသွယ် မရသေး ဘူးဟု ရွာသားများက ပြောသည်။
နဘုလယ်ဒေသအတွင်းရှိ ပရဒတ်၊ လဲရှောင်၊ ထိန်ကြီး စသည့် ကျေးရွာသုံးရွာ၌ ဖုန်းနှင့် အင်တာနက် ဆက်သွယ် ရေးလိုင်းတို့ ပြတ်တောက်နေသည်မှာ တစ်ပတ်ခန့်ရှိလာပြီ ဖြစ်ကြောင်း ရွာသားများက ပြောသည်။
စစ်ကော်မရှင်စစ်ကြောင်းသည် နံနက် ၁၀ နာရီခန့်တွင် ဖမ်းဆီးထားသည့် အမျိုးသား ၈ ဦးနှင့်အတူ ရေနက်ဆိပ် ကမ်း အတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်ဟု ရွာသားများက ဆိုသည်။
ထိုစစ်ကြောင်းမှ ဖမ်းဆီးသွားသည့် ပန်းတင်အင်းရွာသား ဆယ်ဦးမှာလည်း ယနေ့ သြဂုတ်လ ၃ ရက်နေ့ ညနေ ပိုင်း အချိန်ထိ ပြန်လွတ်လာခြင်းမရှိသေးဟု ဆိုကြသည်။