ဝက်လက်ကို စစ်ကော်မရှင် ဗုံးကြဲ၊ အရပ်သား ၄ ဦးသေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်းက ရုံပင်ကုန်းကျေးရွာ ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ၄ ဦး သေဆုံးခဲ့သည်။
ဩဂုတ်လ ၂၇ ရက်နေ့ ညနေပိုင်းတွင် ဂျက်ဖိုက်တာနှင့် ၄ ကြိမ် ပစ်ခတ်ဗုံးကြဲခဲ့ခြင်း ဖြစ်သည်ဟု Wetlet Informational Network က ထုတ်ပြန်သည်။
ဒေသခံတစ်ဦးက “ရုံပင်ကုန်းရွာ အနီးတဝိုက်ကို တံတားဦးကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ကြဲသွားတာပါ။ ညနေ ၅ နာရီကျော်လောက်မှာ ၄ – ၅ ကြိမ်လောက် ဆက်တိုက် ကြဲသွားတာဗျ။ အမျိုးသား ၃ ယောက်၊ အမျိုးသမီး တစ်ယောက် သေသွားတယ်။ အမျိုးသမီးက အသက် ၅၀ လောက်ရှိပြီ။ ဒဏ်ရာရတဲ့လူတွေလည်း ရှိတယ်။ ၆ ယောက်ထင်တယ် ဒဏ်ရာ ရသွားတာကလေ” ဟု ပြောသည်။
စစ်ကော်မရှင်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုထဲ အမျိုးသမီးတစ်ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာ ရခဲ့သည်။
ဝက်လက်မြို့နယ်ထဲက ရုံပင်ကုန်းကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် မတ္တရာမြို့ပေါ်မှပါ လက်နက်ကြီးများနှင့် အဆက်မပြတ် ပြန်လည် ပစ်ခတ်ခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။
မြေပြင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမျိုး မရှိဘဲ စစ်ကော်မရှင်တပ်က ရုံးပင်ကုန်းကျေးရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ဟောင်ဝှစ်ဇာ လက်နက်ကြီးများနှင့်ပါ အဆက်မပြတ် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။