ကုန်ကားတစ်စီးအား KNU PDF ပူးပေါင်းတပ်က မီးရှို့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်။ 

မြိတ်မြို့နယ်ထဲက ပြည်ထောင်စု လမ်းမကြီးပေါ်တွင် စစ်ကော်မရှင်တပ်နှင့် ဆက်စပ်သည့် ကုန်ကားတစ်စီးကို ကရင်အမျိုးသား အစည်းအရုံး KNU နှင့် PDF ပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီးလိုက်သည်ဟု ရွာသားများက ပြောသည်။

မြိတ်မြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လသာကျေးရွာအနီးရှိ ဒေသအခေါ် ရေနက်ကြီးကွင်းဆိုသည့် နေရာတွင် ကော့သောင်းမြို့မှ မြိတ်မြို့သို့ မောင်းနှင်လာသည့် ကုန်ကားတစ်စီးကို KNU နှင့် PDF ပူးပေါင်းအဖွဲ့က မီးရှို့ ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။

ပူးပေါင်းအဖွဲ့တာဝန်ရှိသူက သတင်းရလို့ တမင်စောင့်နေတာပါ၊ ကားပေါ်ပါလာတဲ့ ဆိုင်ကယ်တွေက မြိတ်ကို ပို့ပေးရမှာလို့ ကားဒရိုင်ဘာက ပြောတယ်၊ စားသောက်ကုန် ပစ္စည်းတွေကတော့ ပိုင်ရှင် အယောက် ၃၀ လောက် ပိုင်တယ်လို့ သိရတယ်။ သူတို့ကိုတော့ ပထမ အရှေ့ကကားနဲ့ ပြန်ထည့်ပြီး လွှတ်ပေးလိုက်တယ် ဟု ပြော သည်။

ဆိုင်ကယ်အသစ် ရှစ်စီးနှင့်အတူ စားသောက်ကုန်များ တင်ဆောင်လာသည့် 4B-4160 နံပါတ်ပါ Hino အမျိုး အစား ကုန်တင်မှန်လုံကား တစ်စီးကို ဩဂုတ်လ ၂၆ ရက်နေ့၊ ညနေ ၄ နာရီအချိန်ခန့်တွင် ဖမ်းဆီးပြီး မီးရှို့လိုက် ခြင်း ဖြစ်သည်။

ကော့သောင်းမှ မြိတ်မြို့သို့ ရွှေသာရီယာဥ်လိုင်းက ကားနှစ်စီးဖြင့် ထွက်ခွာမောင်းနှင်လာပြီးနောက် လသာကျေး

ရွာအနီးတွင် ပူးပေါင်းအဖွဲ့မှ ပထမဆုံးကားကို တားဆီးစစ်ဆေးပြီး ရပ်ခိုင်းထားသည်။

ထို့နောက် ဒုတိယကား ထပ်မံရောက်ရှိလာချိန်တွင် ပူးပေါင်းအဖွဲ့က ထပ်မံ၍ စစ်ဆေးခဲ့သည်ဟု ရွာသားတစ်ဦး က ပြောသည်။

ဒုတိယကားပေါ်မှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် အပါအဝင် ကားပေါ်လိုက်ပါလာသူ သုံးဦးကို စစ်ဆေးပြီး နောက် ကားပေါ်မှ ဆင်းခိုင်းကာ ပထမဆုံးကားဖြင့် လိုက်ပါစေပြီးနောက် ဒုတိယကားကို မီးရှို့ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။

မီးရှို့ဖျက်ဆီးလိုက်သည့် ကားမှာ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင် (စရဖ) ကိုနိုင်လင်းစိုးနှင့် ဆက်နွယ်နေသည့် ကားဖြစ်ကြောင်း သိရှိရပြီး ပါလာသည့် ကုန်ပစ္စည်းများနှင့် ဆိုင်ကယ် ရှစ်စီးကို သိမ်းယူဆွဲချပြီးနောက် ကားကို လမ်းမကြီးပေါ်၌ပင် မီးရှို့ဖျက်ဆီးလိုက်သည်။

ကားပိုင်ရှင်ဆိုသူကမူ ကားမှာ စရဖ တပ်ဖွဲ့ဝင်၏ ကားမဟုတ်ဘဲ သာမာန်အရပ်သား ပိုင်ဆိုင်သည့်ကားသာ ဖြစ်ကြောင်း ငြင်းဆိုထားသည်။

မီးရှို့ဖျက်ဆီးပြီးသည့်နောက် ညနေ ၆နာရီအချိန်ခန့်တွင် တုံးဗျောကြီးကျေးရွာရှိ စစ်ကော်မရှင် တပ်စခန်းမှ လသာကျေးရွာနှင့် တုံးဗျောကျေးရွာဟောင်းဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သေးသည်ဟု ရွာသားများ က ဆိုသည်။