ဓါတ်လိုက်သည့် ဆင်တကောင်အား ဆရာဝန်များက ကုသ

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်။ 

ထိုင်းနိုင်ငံ နခွန်ရတ်ချ်ဆီမာ (Nakhon Ratchasima) ခရိုင်အတွင်းက ရွာလေး တစ်ရွာနားမှာ အရွယ်ရောက်ပြီးသား ဆင်ကြီးတကောင် လဲနေတာကို ရွာသားတွေက တွေ့ခဲ့ပါတယ်။ 

တွေ့ခဲ့တဲ့ အချိန်က လွန်ခဲ့တဲ့ သောကြာနေ့က ဖြစ်ပါတယ်။ 

ဆင်ကြီးဟာ ဆီးတွေနဲ့ ပေနေပြီး ဝမ်းလည်း လျောနေပါတယ်။ သူ့နှာမောင်းထိပ်မှာတော့ ဒဏ်ရာ တစ်ခုကို တွေ့ရပါတယ်။ ဒဏ်ရာဟာ လတ်တလော ရထားပုံရတယ်လို့ ရွာသားတွေက အမျိုးသား ဥယျာဉ် အာဏာပိုင်တွေကို အကြောင်းကြားခဲ့ပါတယ်။ 

အမျိုးသား ဥယျာဉ်က တိရစ္ဆာဆေးကု ဆရာဝန်တွေက အလျင်အမြန်ပဲ ဆင်ကြီးရှိရာကို သွားပြီး စစ်ဆေး ကုသပေးခဲ့ကြပါတယ်။ 

သူတို့ရောက်သွားတဲ့ အချိန်မှာတော့ ဆင်ကြီးဟာ အားအင်ချိနဲ့ပြီး လဲကျနေတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။ 

ဆင်ကြီးဟာ လျှပ်စစ်ဓါတ်အားမြင့် ခြံစည်းရိုးတစ်ခုခုနဲ့ ထိတွေ့ခဲ့ပုံရတယ်လို့ တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အရာရျိ Veeraya Ochkul က ပြောပါတယ်။ ဓါတ်လိုက်ခံရတာကြောင့် အားအင်ချိနဲ့ သွားတာလို့ ဆိုပါတယ်။ 

အဲဒီနားက ကျေးရွာတွေမှာ တောရိုင်းတိရစ္ဆာန်တွေ မဝင်အောင် ခြံစည်းရိုးကို တရားမဝင် လျှပ်စစ်ဓါတ် လွှတ်ထားတာတွေ ရှိတတ်တယ်လို့လည်း ဆိုပါတယ်။ 

နောက်ဆုံး ထုတ်ပြန်တဲ့ သတင်းတွေအရ ဆင်ကြီးဟာ လဲကျနေရာကနေ ထရပ်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။ ဆရာဝန်တွေက ဆင်ကြီးရဲ့ အသက်ကို ကယ်နိုင်ခဲ့ကြပါတယ်။ 

အာဏာပိုင်တွေကတော့ ဆေးဝါးကုသမှုတွေ ပြီးတာနဲ့ ဆင်ကြီးကို ခေါက်ရိုင် အမျိုးသား ဥယျာဉ်ထဲက စိတ်ချရတဲ့နေရာမှာ ပြန်လွှတ်ပေးမယ်လို့ ဆိုပါတယ်။