စစ်အုပ်စု ရွေးကောက်ပွဲကြောင့် နိုင်ငံရေး အဖြေရှာရန် ပိုမိုခက်ခဲမည် KIO ဥက္ကဋ္ဌ ပြော

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်။

ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က စစ်အုပ်စု၏ လာမည့် ဒီဇင်ဘာလ ရွေးကောက်ပွဲ အပေါ် အထူးစိုးရိမ်ကြောင်း KIO ၆၅ နှစ်ပြည့်နေ့ မိန့်ခွန်း၌ ထုတ်ဖော်ပြောကြားခဲ့သည်။

ဗိုလ်ချုပ်ကြီး အင်ဘန်လက စစ်ပွဲများ အဆုံးသတ်ရန်အတွက် နိုင်ငံရေးဆွေးနွေးအဖြေရှာခြင်းသည်သာ တစ်ခုတည်းသော လမ်းဖြစ်ကြောင်း အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကျရောက်သော KIO ၆၅ နှစ်ပြည့်နေ့ မိန့်ခွန်း၌ အလေးပေးပြောကြားခဲ့သည်။ 

သို့သော် ရွေးကောက်ပွဲကျင်းပခြင်းကြောင့် နိုင်ငံရေး အင်အားစုများအကြား ထောက်ခံသူနှင့် ကန့်ကွက်သူဟူ၍ အုပ်စုနှစ်စု ကွဲပြားသွားမည်ကို စိုးရိမ်ပြီး၊ ယင်းသည် ပြည်တွင်းစစ် ပိုမိုရှည်ကြာစေနိုင်ကြောင်း သတိပေးခဲ့သည်။

ဗိုလ်ချုပ်ကြီး အင်ဘန်လက ဒီအဖွဲ့နှစ်ဖွဲ့က လွယ်လွယ်နဲ့ ညှိနှိုင်းဖို့ ခက်ခဲသွားတော့မယ်။ ပြည်တွင်းစစ်က လည်း ပိုပြီး ကြာရှည်သွားနိုင်တယ် ဟု ရွေးကောက်ပွဲ၏ ရေရှည်အကျိုးဆက်ကို ထောက်ပြပြောကြားခဲ့သည်။

စစ်ကောင်မရှင်သည် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲ ပထမပိုင်းကို ကျင်းပရန် ပြင်ဆင်နေပြီး၊ ကချင်ပြည် အတွင်း မြစ်ကြီးနား၊ မိုးညှင်း၊ တနိုင်း၊ ပူတာအို မြို့နယ်များတွင်ပါ ကျင်းပသွားမည်ဟု ကြေညာထား သည်။

ဗိုလ်ချုပ်ကြီးအင်ဘန်လက စစ်အုပ်ချုပ်မှု အောက်မှ ပြည်သူများကို ရွေးကောက်ပွဲတွင် ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ သတိပြုရန် တိုက်တွန်းခဲ့ပြီး၊ တစ်ဦးချင်း၏ ဆုံးဖြတ်ချက်သည် နိုင်ငံအတွင်း အတူယှဉ်တွဲ နေထိုင်သူများ၏ ဘဝကံကြမ္မာကို ဆုံးဖြတ်နိုင်သည်ဟု သတိပေးခဲ့သည်။

ထို့အပြင် ဌာနေတိုင်းရင်းသားများကြား သွေးခွဲပြီး လက်နက်ပေးကိုင်နေသည့် လုပ်ရပ်သည် ဆွေမျိုးအချင်းချင်း ကို သွေးခွဲနေခြင်းသာဖြစ်ကြောင်း ပြည်သူများကို ပြန်လည်ရှင်းပြရန် KIO တာဝန်ရှိသူများကို တိုက်တွန်းခဲ့ သည်။

တစ်ဦးတစ်ယောက်ရဲ့ ပါဝင်မှုက နိုင်ငံထဲမှာ အတူယှဉ်တွဲနေထိုင်ကြတဲ့ ပြည်သူတွေရဲ့ ဘဝကံကြမ္မာကို ဆုံးဖြတ်ပေးတယ် ဆိုတာကိုလည်း သတိပြုကြပါ ဟု ဗိုလ်ချုပ်ကြီးအင်ဘန်လ က ရွေးကောက်ပွဲတွင် ပါဝင်သူ များ၏ တာဝန်ယူမှု ကို အလေးပေး ပြောကြားခဲ့သည်။

KIO အနေဖြင့် နိုင်ငံရေးနှင့် စစ်ရေးကို ချိန်ခွင်လျှာညီမျှစွာ ညှိနှိုင်းကာ တော်လှန်ရေးလမ်းစဉ်များကို အောင်မြင် အောင် ဖော်ဆောင်သွားမည်ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လက အတည်ပြု ပြောကြားခဲ့သည်။