ထားဝယ်ခရိုင် ကမြောကင်း တံတားဂိတ် စစ်ဆေးရေး တင်းကြပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်။
ထားဝယ်ခရိုင်၌ တိုက်ပွဲဖြစ်ပွားပြီးနောက် ကမြောကင်းတံတားဂိတ် စစ်ဆေးရေး တင်းကျပ်လိုက်သည်ဟု ဒေသခံများက ပြောသည်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ကမြောကင်းတံတား စစ်ဆေးရေးဂိတ် တွင် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များက စစ်ဆေးနေမှုများကို ပြန်လည်တင်းကျပ်လိုက် သဖြင့် ခရီးသွားလာသူများ အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောသည်။
လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာ ၌ စစ်ကော်မရှင်တပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား နိုဝင်ဘာလ ၁၂ ရက်နေ့က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည့်အတွက် စစ်ဆေးရေးဂိတ်၏ လုံခြုံရေးကို ယခုကဲ့သို့ တင်းကျပ်လိုက်ခြင်းဖြစ်သည်။
စစ်ဆေးမှုများ တင်းကျပ်လာသည့်နောက်ပိုင်းတွင် လောင်းလုံးနှင့် ရေဖြူမြို့နယ်များဘက်မှ လာရောက်ကြသည့် ခရီးသွားများမှာ ကမြောကင်း တံတားဂိတ်ရှေ့သို့ မရောက်မီ ဆိုင်ကယ်၊ စက်ဘီးများကို ဆင်းတွန်းကြရပြီး၊ သုံးဘီးယာဉ်နှင့် ကားပေါ်လိုက်ပါလာသည့် ခရီးသည်များမှာလည်း ယာဉ်ပေါ်မှဆင်း၍ လမ်းလျှောက်၍ အစစ်ဆေးခံနေရသည် ဟု ဆိုသည်။
ခရီးသွားလာသူ အမျိုးသားတစ်ဦးက လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး “နိုဝင်ဘာ ၁၂ရက်နေ့ နေ့လယ်ပိုင်း ကတည်းက စစ်ဆေးမှုတွေ ပြန်လုပ်လာတာ လူကြီးလူငယ် ကျောင်းသားတွေပါမကျန် အကုန်လုံးကို စစ်ဆေး နေတာ၊ မှတ်ပုံတင်ရော ခရီးသွားထောက်ခံစာတွေပါ အကုန်တောင်းပြီး စစ်တာ” ဟု ပြောသည်။
၎င်းက ကမြောကင်းတံတားဂိတ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့မှ ယခင်က စစ်ဆေးမှုများကို အတန်အသင့် ဖြေလျှော့ ပေးထားခဲ့သော်လည်း ယခုအခါ ပြန်လည် တင်းကျပ်လိုက်ခြင်းဖြစ်ကြောင်းလည်း ထပ်လောင်းပြောဆိုခဲ့သည်။
ညင်းမော်ကျေးရွာ တိုက်ပွဲကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာ လေးရွာထက်မနည်း မှ ဒေသခံပြည်သူများသည် ၎င်းတို့၏ နေရပ်များကို စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူပိုင် နေအိမ်နှစ်ဆောင်နှင့် ဆိုင်ကယ် သုံးစီးကိုပါ မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း မြေပြင် သတင်းအရင်းအမြစ်များက ဆိုသည်။
တိုက်ပွဲဖြစ်ပွားရာ ဒေသများမှ ရွာသားများ မြို့ပေါ်နေရာများသို့ တိမ်းရှောင်မှု များလာခြင်းကြောင့် စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှု တင်းကျပ်လာခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်ကြသည်။