ထားဝယ်ခရိုင်အတွက် ဒေသခံရွာသားတစ်ဦး, မြေမြုပ်မိုင်းကြောင့် ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်။
သရက်ချောင်းမြို့နယ်က ရွာသားတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ဒဏ်ရာ ရသွားခဲ့သည်ဟု ဒေသခံ ရွာသားများက ပြောသည်။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဝဲရစ်ကျေးရွာတွင် အသက် ၅၅ နှစ်အရွယ် ရွာသားတစ်ဦး လယ်ကွင်းဘေးလမ်းတွင် ထောင်ထားသည့် မြေမြှုပ်မိုင်း နင်းမိခဲ့သဖြင့် ထားဝယ်ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေရကြောင်း ဒေသခံ ရွာသားများက ပြောသည်။
ယခုကဲ့သို့သော မိုင်းအန္တရာယ်များကြောင့် သရက်ချောင်းဒေသခံများသည် ဥယျာဉ်ခြံ လုပ်ငန်းများကို ရပ်နား ထားရပြီး စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေရသည်။
ဖြစ်စဉ်သည် နိုဝင်ဘာလ ၁၃ ရက်နေ့က ဝဲရစ်ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အသက် ၅၅ နှစ်အရွယ် ဦးတင်စိုး နှင့် ၎င်း၏ဇနီးသည်တို့သည် ဆိုင်ကယ်ဖြင့် သွား၍မရသော လမ်းပျက်နေ သည့် နေရာကို လမ်းလျှောက်၍ ဖြတ်သန်းစဉ် လယ်ကွင်းဘေးရှိ လမ်းတစ်နေရာ၌ ထောင်ထားသော မြေမြှုပ် မိုင်းကို နင်းမိခဲ့ခြင်း ဖြစ်သည်။
မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ဦးတင်စိုးကို ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးခဲ့ရသည်။
အသက် ၄၀ ခန့်အရွယ် အမျိုးသမီးတစ်ဦးက “ခြေထောက်နဲ့ နံရိုးနား အစတွေ ထိတယ်၊ သိပ်မစိုးရိမ်ရပါဘူး။ ခြေလည်း မဖြတ်ရဘူးလို့ သူ့အမျိုးသမီးဆီက ကြားရတယ်။ အခုချိန်ထိတော့ ဆေးရုံက ဆင်းမလာသေးဘူး”ဟု ပြောသည်။
မိုင်းနင်းမိသည့် နေရာနှင့် တစ်ဖာလုံခန့် အကွာ ၌ စစ်ကော်မရှင် စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သေးကြောင်းလည်း ၎င်းအမျိုးသမီးက ဆက်လက် ပြောဆိုသည်။
စစ်ကော်မရှင်တပ်ဖွဲ့သည် သရက်ချောင်းမြို့အထွက် ဆင်ကူးမှ ဘုတ်တောင်အထိ ကားလမ်းတစ်လျှောက်ကို အင်အား ၂၀၀ ခန့်ဖြင့် အောက်တိုဘာလ ၂၁ ရက်နေ့ကတည်းက စစ်ကြောင်းထိုးနေသည်မှာ တစ်လနီးပါး ရှိလာပြီ ဖြစ်သည်။
ထိုစစ်ကြောင်း၏ လှုပ်ရှားမှုများကြောင့် သိမ်ကုန်း၊ ဘုတ်တောင်အနီးရှိ ကတွဲ၊ လဘနှင့် ချောက်ချောင်းကျေးရွာ တို့မှ ရွာသားများ၏ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “သူတို့ (စစ်တပ်) စစ်ကြောင်းထိုးတဲ့အခါ မိုင်းတွေပါ ထောင်ထားခဲ့တာ များတယ်။ ရွာသား တွေက ဥယျာဉ်ခြံထဲတောင် မသွားရဲတော့ဘူး။ အခု ရော်ဘာခြံတွေ၊ ကွမ်းသီးခြံတွေ အားလုံး ရပ်နားထားရ တော့ စားဝတ်နေရေး အခက်အခဲက အရမ်းဆိုးလာပြီ” ဟု ပြောသည်။
စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးနေစဉ် အတွင်း မြေမြှုပ်မိုင်းများကို ထောင်ထားတတ်သည့် အန္တရာယ်များ ကြောင့် ဒေသခံ ရွာသားများသည် ၎င်းတို့၏ ဥယျာဉ်ခြံ လုပ်ငန်းများဖြစ်သော ရော်ဘာ၊ ကွမ်းသီး လုပ်ငန်းများကို ရပ်နားထားကြရသည်ဟု ဆိုကြသည်။