လစ်ဗျားစစ်ဖက်ဆိုင်ရာဦးစီးချုပ်နှင့်အဖွဲ့ လေယာဉ်ပျက်ကျမှုကြောင့် သေဆုံး

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်။ 

လစ်ဗျားနိုင်ငံ၏ စစ်ဖက်ဆိုင်ရာဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မိုဟာမက် အယ်လ်ဟာဒက် (Lieutenant General Mohammed al-Haddad) နှင့် အဖွဲ့ဝင် (၄) ဦးတို့သည် တူရကီနိုင်ငံတွင် လေယာဉ်ပျက်ကျမှုကြောင့် ကွယ်လွန်သွားခဲ့သည်။ 

၎င်းတို့စီးနင်းလာသော ဂျက်လေယာဉ်သည် တူရကီနိုင်ငံ၊ အန်ကာရာလေဆိပ်မှ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁၀ မိနစ်တွင် ထွက်ခွာခဲ့ပြီး ၄၂ မိနစ်အကြာတွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။

လေယာဉ်ပျက်ကျသည့်နေရာမှာ အန်ကာရာမြို့ အနောက်တောင်ဘက်ရှိ Haymana (ဟေမန္န) ခရိုင်အတွင်း ဖြစ်ကြောင်း တူရကီပြည်ထဲရေးဝန်ကြီးက အတည်ပြုခဲ့သည်။ 

လေယာဉ်ပျက်ကျမှု မဖြစ်ပွားမီ အရေးပေါ်ဆင်းသက်ရန် အချက်ပေးမှု တစ်ကြိမ် ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှု မရှိခဲ့ပေ။ 

လစ်ဗျားပြန်ကြားရေးဝန်ကြီးက “စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု” ကြောင့် ဖြစ်နိုင်သည်ဟု ခန့်မှန်းထားသော်လည်း တူရကီအစိုးရရှေ့နေရုံးက အသေးစိတ် စုံစမ်းစစ်ဆေးမှုများ စတင်လျက်ရှိသည်။ 

ဤဖြစ်စဉ်တွင် ဦးစီးချုပ်နှင့်အတူ သူ၏အကြံပေးပုဂ္ဂိုလ်၊ ဗိုလ်ချုပ်ကြီး နှစ်ဦးနှင့် ကိုယ်ရံတော်တစ်ဦးတို့ သေဆုံးခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့သည် တူရကီစစ်ဘက်ခေါင်းဆောင်များနှင့် ဆွေးနွေးပြီးနောက် လစ်ဗျားနိုင်ငံသို့ ပြန်အလာတွင် ယခုကဲ့သို့ ကြုံတွေ့ခဲ့ရခြင်း ဖြစ်ပါသည်။