ဂျပန်ဝန်ကြီးချုပ်က ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ဆုံးဖြတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၀ ရက်။
ဂျပန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဆာနိုင်း တာကာအိချိ (Sanae Takaichi) သည် ၎င်းအပေါ် လူထုထောက်ခံမှုနှုန်း မြင့်မားနေသည့် အချိန်ကို အခွင့်ကောင်းယူ၍ အောက်လွှတ်တော်ကို ဖျက်သိမ်းကာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ဆုံးဖြတ်လိုက်သည်။
ရာထူးသက်တမ်း ၃ လအတွင်း လူထုထောက်ခံမှု ၆၀ ရာခိုင်နှုန်းကျော် ရရှိထားသည့် ဝန်ကြီးချုပ်သည် လာမည့် ဖေဖော်ဝါရီ ၈ ရက်တွင် ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။
ဂါးဒီးရန်းသတင်းစာ၏ သုံးသပ်ချက်အရ ဤခြေလှမ်းသည် အာဏာရ LDP ပါတီ၏ လွှတ်တော်အတွင်း အားနည်းနေသော မဲအရေအတွက်ကို ပြန်လည်မြှင့်တင်ရန်နှင့် ၎င်း၏ခေါင်းဆောင်မှုအပေါ် ပြည်သူထံမှ တရားဝင်လုပ်ပိုင်ခွင့် (Mandate) ရယူရန် ကြိုးပမ်းခြင်း ဖြစ်သည်ဟု ဆိုသည်။
အစီအစဉ်အရ ဇန်နဝါရီ ၂၃ ရက်တွင် အောက်လွှတ်တော်ကို ဖျက်သိမ်းမည်ဖြစ်သည်။
ကရာတေး ခါးပတ်နက်ရရှိထားသူ၊ အားလပ်ချိန်တွင် ဒရမ်တီးခြင်းနှင့် ဆိုင်ကယ်ကြီးများ စီးခြင်းကို ဝါသနာပါသူ ဝန်ကြီးချုပ် တာကာအိချိသည် တရုတ်နိုင်ငံအပေါ် ပြတ်သားသော သဘောထားရှိသူဖြစ်သည်။
ထိုင်ဝမ်လုံခြုံရေးအတွက် ဂျပန်၏ ကာကွယ်ရေးစနစ်ကိုလည်း အသစ်ပြန်လည် တည်ဆောက်နေသူ ဖြစ်သည်။
၎င်းက ဝန်ကြီးချုပ်အဖြစ် ဆက်လက်ဆောင်ရွက်ရန် သင့်တော်မှု ရှိ၊ မရှိကို ပြည်သူများက တိုက်ရိုက်ဆုံးဖြတ်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။