ထိုင်းနိုင်ငံနှင့် အနီးတဝိုက် သံလိုက်မုန်တိုင်း ရိုက်ခတ်မှုနှင့် နည်းပညာဆိုင်ရာ သတိပေးချက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၂ ရက်။
ထိုင်းနိုင်ငံ အာကာသအေဂျင်စီ (GISTDA) ၏ ထုတ်ပြန်ချက်အရ ပြင်းထန်သော နေမုန်တိုင်း (Solar Storm) များကြောင့် ထိုင်းနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသတွင် GPS တိကျမှု အားနည်းနိုင်သည့် အန္တရာယ်ရှိနေပါသည်။
အဆိုပါနေမုန်တိုင်းကြောင့် ဖြစ်ပေါ်လာသည့် G4 အဆင့်ရှိ ဘူမိသံလိုက်မုန်တိုင်း (Geomagnetic Storm) များသည် ဇန်နဝါရီလ ၂၁ ရက်မှစတင်ကာ ၃ ရက်ခန့် သက်ရောက်မှု ရှိနေနိုင်ပါသည်။
ဤမုန်တိုင်းသည် လူသားတို့၏ ကျန်းမာရေးနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ဘေးဥပါဒ် မပေးနိုင်သော်လည်း နည်းပညာစနစ် ၃ ခုအပေါ် ထိခိုက်နိုင်ကြောင်း သတိပေးထားပါသည်။ GPS တည်နေရာပြစနစ်များ ယာယီလွဲမှားနိုင်သဖြင့် မြေတိုင်းလုပ်ငန်း၊ ဒရုန်းမောင်းနှင်ခြင်းနှင့် စိုက်ပျိုးရေးနည်းပညာသုံးသူများ သတိထားရန် သင့်သည်။
လေထုခုခံမှု (Drag) မြင့်တက်လာခြင်းကြောင့် ကမ္ဘာ့ပတ်လမ်းနိမ့်ရှိ ဂြိုဟ်တုများ လမ်းကြောင်းနိမ့်ဆင်းသွားနိုင်သဖြင့် လမ်းကြောင်းပြန်လည်တည့်မတ်ရန် လိုအပ်နိုင်သည်။
လေယာဉ်များအသုံးပြုသည့် ရေဒီယိုဆက်သွယ်ရေးစနစ်များ ပြတ်တောက်နိုင်သဖြင့် လေယာဉ်မှူးများနှင့် လေကြောင်းထိန်းသိမ်းရေးအဖွဲ့များ အထူးဂရုစိုက်ရန် သတိပေးထားသည်။
အဆိုပါဖြစ်စဉ်သည် ထိုင်းနိုင်ငံအပြင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများတွင်လည်း သက်ရောက်မှုရှိနေနိုင်သဖြင့် ဒေသတွင်းပြည်သူများအနေဖြင့် နည်းပညာဆိုင်ရာ အဆင်မပြေမှုများကို ကြိုတင်သတိပြုကြရန် လိုအပ်သည်ဟု ဆိုသည်။