မလေးရှား ဈေးဝယ် စင်တာတစ်ခုကို လ.ဝ.က ရဲများဝင်စီးပြီး မြန်မာ အပါအဝင် တရားဝင် လက်မှတ်မရှိသည့် အလုပ်သမား ၁၅၀ ကျော်ကို ဖမ်းဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့အနီးရှိ ချားရပ်စ် (Cheras) နယ်မြေအတွင်းရှိ ဈေးဝယ်စင်တာတစ်ခု၌ လူဝင်မှုကြီးကြပ်ရေးဌာနက ဝင်ရောက်စီးနင်းမှုတစ်ရပ် လုပ်ဆောင်ခဲ့ရာ မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသား အလုပ်သမား ၁၅၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဘနားမား (Bernama) သတင်းဌာနက ဖော်ပြသည်။
မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနသည် ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၅ ရက်) ည ၈ နာရီဝန်းကျင်တွင် Ops Selera နှင့် Ops Sapu (ဆီလားရာ နဲ့ ဆာပူး စစ်ဆင်ရေး) ဟု အမည်ပေးထားသော စစ်ဆင်ရေးများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါစီးနင်းမှုတွင် ထူးခြားချက်အနေဖြင့် လူအုပ်ကြားထဲသို့ ရောနှောထွက်ပြေးရန် ကြိုးပမ်းသူများကို တိကျစွာ ခြေရာခံနိုင်ရန်အတွက် အပူလှိုင်းဖမ်းဒရုန်း (Thermal Drone) နည်းပညာကို အသုံးပြု၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဈေးဝယ်စင်တာအတွင်းရှိ စားသောက်ဆိုင်များတွင် တရားမဝင်နိုင်ငံခြားသား အလုပ်သမားများ အများအပြား ရှိနေကြောင်း ပြည်သူများ၏ တိုင်ကြားချက်အရ အာဏာပိုင်များက တစ်ပတ်ကြာ ထောက်လှမ်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြသည်။
စုစုပေါင်း လူဦးရေ ၈၉၀ နီးပါးကို စစ်ဆေးခဲ့ရာတွင် အထောက်အထား မပြည့်စုံသူ အမျိုးသား ၈၂ ဦးနှင့် အမျိုးသမီး ၇၀ ဦး (စုစုပေါင်း ၁၅၂ ဦး) ကို စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
၎င်းတို့တွင် မြန်မာ၊ တရုတ်၊ အင်ဒိုနီးရှားနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ ပါဝင်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများကို တရားဝင် ခရီးသွားလာခွင့် အထောက်အထား (Passport/Visa) မရှိခြင်း၊ လုပ်ငန်းခွင်ပါမစ် စည်းကမ်းချက်များ ချိုးဖောက်ခြင်း။ ဗီဇာသက်တမ်း ကျော်လွန်နေထိုင်ခြင်း (Overstay)နှင့် အစိုးရက အသိအမှတ်မပြုထားသော ကတ်ပြားများကို ကိုင်ဆောင်ခြင်း အမှုများဖြင့် ဖမ်းဆီးထားသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူအားလုံးကို Beranang လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ထားပြီး ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်သည်။
လက်ရှိကာလတွင် တရုတ်နှစ်သစ်ကူး ပွဲတော်နီးကပ်လာပြီ ဖြစ်သောကြောင့် မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနသည် နိုင်ငံတစ်ဝန်း၌ စစ်ဆေးမှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသည်။
ညဈေးတန်းများ၊ TBS ကားဂိတ်ကြီးများကဲ့သို့သော အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေသကဲ့သို့ Klang (ကလန်း)၊ Nilai (နီလိုင်း) နှင့် Johor (ဂျိုဟိုး) ဒေသများရှိ စက်ရုံများကိုလည်း ဝင်ရောက်စီးနင်းမှုများ ခပ်စိပ်စိပ် ပြုလုပ်လျက်ရှိသည်။
သို့ဖြစ်ပါ၍ မလေးရှားရောက် မြန်မာနိုင်ငံသားများအနေဖြင့် လူစည်ကားရာ နေရာများနှင့် ဈေးဝယ်စင်တာများသို့ သွားလာရာတွင် မိမိတို့၏ အထောက်အထား စာရွက်စာတမ်းများ (Passport/Permit) ကို လက်ဝယ်မြဲမြံစွာ ဆောင်ထားကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။