နျူကလီးယား ကန့်သတ်ရေး စာချုပ် သက်တမ်းတိုးရန် ရုရှား အဆိုပြုချက်ကို အမေရိကန် ပယ်ချ 

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်။ 

သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်သော မဟာဗျူဟာမြောက် လက်နက်များလျှော့ချရေးစာချုပ်ကို ရုရှားနိုင်ငံဘက်မှ စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းခဲ့သော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပါစာချုပ်သည် အမေရိကန်အတွက် အကျိုးအမြတ်မရှိဟုဆိုကာ ပယ်ချခဲ့သည်။

အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနိုင်ငံတို့အကြား ချုပ်ဆိုထားသည့် “New START” ဟုခေါ်ဆိုသော စာချုပ်သည့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက် ယမန်နေ့တွင်သက်တမ်း ကုန်ဆုံးခဲ့သည်။ 

သမ္မတထရမ့်သည် နျူကလီးယားထိန်းချုပ်ရေးစာချုပ်သစ်တွင် တရုတ်နိုင်ငံကိုပါ ထည့်သွင်းလိုသော်လည်း လက်ရှိအချိန်အထိ တရုတ်နိုင်ငံဘက်မှ စိတ်ဝင်စားမှုတစ်စုံတစ်ရာ ပြသခြင်းမရှိသေးပေ။ 

ရုရှားနိုင်ငံကမူ စာချုပ်သက်တမ်းကုန်ဆုံးသွားခြင်းအပေါ် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ၎င်းတို့အနေဖြင့် တာဝန်ယူမှုရှိစွာ ဆက်လက်ချဉ်းကပ်သွားမည်ဖြစ်သော်လည်း နိုင်ငံတော်အကျိုးစီးပွားကိုသာ ရှေးရှုသွားမည်ဟု ဆိုသည်။

ယခု သက်တမ်းကုန်ဆုံးသွားသော စာချုပ်အရ နှစ်နိုင်ငံစလုံးသည် တပ်ဖြန့်ထားသည့် နျူကလီးယားထိပ်ဖူးအရေအတွက် (၁,၅၅၀) ထက်မပိုရန်နှင့် ဒုံးကျည်/ဗုံးကြဲလေယာဉ် (၇၀၀) ထက်မပိုရန် ကန့်သတ်ချက်များကို လိုက်နာခဲ့ကြရသည်။ 

ယခုအခါ ကန့်သတ်ချက်များမရှိတော့သဖြင့် ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံသည် နျူကလီးယားအင်အားကို အကန့်အသတ်မရှိ တိုးချဲ့နိုင်သည့် အခြေအနေသို့ ဆိုက်ရောက်သွားခဲ့ပြီဖြစ်သည်။