ငြိမ်းချမ်းရေး လမ်းလျှောက် သံဃာများ ခရီးဆုံး တိုင်တော့မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်။ 

အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ်၊ ဖော့တ်ဝေါ့သ် (Fort Worth) မြို့က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေဟာ ပြင်းထန်တဲ့ အအေးဒဏ်နှင့် ခြေထောက်တစ်ဖက် ဖြတ်လိုက်ရတဲ့ ဘေးအန္တရာယ်ကို ကြံ့ကြံ့ခံကျော်ဖြတ်ပြီး မိုင်ပေါင်း ၂,၃၀၀ ကျော်ရှည်လျားတဲ့ ငြိမ်းချမ်းရေးခရီးစဉ်ကို အောင်မြင်စွာ အဆုံးသတ်နိုင်ကြတော့မှာ ဖြစ်ပါတယ်။ 

ငြိမ်းချမ်းရေး၊ မေတ္တာတရားနဲ့ အကြမ်းမဖက်ရေး ရည်ရွယ်ချက်တွေနဲ့ အောက်တိုဘာလက စတင်ခဲ့တဲ့ လမ်းလျှောက် ခရီးစဉ်ဟာ ရက်ပေါင်း ၁၀၈ ရက်မြောက်နေ့မှာ ခရီးဆုံး ဖြစ်တဲ့ ဝါရှင်တန် ဒီစီကို ရောက်လာတော့မှာ ဖြစ်ပါတယ်။ 

သံဃာတော်တွေဟာ အင်္ဂါနေ့ (ဖေဖော်ဝါရီ ၁၀ ရက်) အမေရိကန် နံနက်ပိုင်းမှာ ဝါရှင်တန်ဒီစီမှာရှိတဲ့ အမေရိကန် တက္ကသိုလ် American University သို့ ဆိုက်ရောက်ကြမှာ ဖြစ်ပါတယ်။ 

ပြည်နယ် ၁၀ ခုကို ပြင်းထန်ပြီး အအေးဒဏ်ကဲတဲ့ ဆောင်းရာသီအတွင်း ဖြတ်ကျော်လာတုန်းမှာ နိုဝင်ဘာလအတွင်းမှာတော့ ဟူစတန် (Houston) နားက ဒေတွန် (Dayton) မြို့မှာ ကားတိုက်ခံရမှုကြောင့် သံဃာတော်တချို့ ဒဏ်ရာရခဲ့ပါတယ်။ 

အဲဒီထဲက အရှင်မဟာဒမ် ဖုမ်မာဆန် (Maha Dam Phommasan) ဟာ ဆိုရင် ခြေထောက်တစ်ဖက် ဖြတ်လိုက်ရတဲ့အထိ ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။

အရှင် မဟာဒမ်ဟာ ခြေထောက်ဖြတ်လိုက်ရပေမယ့် လက်တွန်း ကုလားထိုင်နဲ့ လိုက်ပါလာပြီး ခရီးဆုံးမှာတော့ ခြေတုကို အမှီပြုပြီး လမ်းလျောက် လိုက်ပါမယ်လို့ ဆိုပါတယ်။ 

ငြိမ်းချမ်းရေး အတွက် လမ်းလျှောက်ကြတဲ့ သံဃာတွေဟာ ဇန်နဝါရီလကုန်ပိုင်းက ဗာဂျီးနီးယားပြည်နယ်မှာ ဆီးနှင်းမုန်တိုင်းကြောင့် အလွန်အေးတဲ့ ဒဏ်ကို ခံခဲ့ရသလို၊ အဖွဲ့နဲ့အတူပါလာတဲ့ “အာလောက” ခွေးလေးဟာလည်း ခွဲစိတ်ကုသမှု ခံယူခဲ့ရပါသေးတယ်။ 

ခွေးကလေး အာလောက ဟာ လမ်းတလျောက် သံဃာတွေနဲ့ အတူ လိုက်ပါခဲ့ပြီး လူထု ပရိဿတ်တွေရဲ့ အထူး စိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်။ 

သံဃာတော်တွေရဲ့ ငြိမ်းချမ်းရေး လမ်းလျှောက်ခရီးစဉ်ကို သန်းနဲ့ချီတဲ့ ပရိဿတ်တွေဟာ လူမှု ကွန်ရက်တွေက စောင့်ကြည့်ခဲ့ကြပြီး  Google Maps ကနေတစ်ဆင့် ခရီးစဉ်ကို တိုက်ရိုက် (Live) လိုက်ကြည့်သူတွေလည်း အများအပြား ရှိခဲ့ပါတယ်။

လမ်းခရီးတလျှောက်မှာ ငြိမ်းချမ်းရေး အတွက် တရားဟောခဲ့သလို ဘာသာပေါင်းစုံနဲ့တွေ့ဆုံမှုတွေကိုလည်း လုပ်ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ အလှူငွေအတွက် လုပ်တာမဟုတ်ပဲ ငြိမ်းချမ်းရေး အတွက် အသိတရား တိုးပွားအောင် လှုံ့ဆော်တဲ့ ခရီးစဉ်ဖြစ်တယ်လို့ လည်း သံဃာတော်တွေက မိန့်ပါတယ်။