ထားဝယ် နည်းပညာ တက္ကသိုလ်အနီး တိုက်ပွဲ ပြင်းထန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်။ 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ နည်းပညာတက္ကသိုလ်အနီးတွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုအပြင် အမြောက်တပ်များဖြင့်ပါ ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၆ နာရီခန့်တွင် မောင်မယ်ရှောင်ကျေးရွာရှိ ထားဝယ်နည်းပညာ တက္ကသိုလ်၌ တပ်စွဲထားသော စစ်ကော်မရှင်တပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

တိုက်ပွဲအတွင်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ပြင်းထန်ခဲ့ပြီးနောက် နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကော်မရှင် တပ်က Y-12 လေယာဉ်တစ်စီး အသုံးပြုကာ တက္ကသိုလ် အနီးတစ်ဝိုက်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မြေပြင်အခြေအနေနှင့် ပတ်သက်၍ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည့် အသက် ၄၀ ကျော်အရွယ် ဒေသခံရွာသားတစ်ဦးက ယခုကဲ့သို့ ပြောသည်။

နည်းပညာတက္ကသိုလ်နား တစ်ဝိုက်မှာ မနက်အစောကြီး ၆ နာရီလောက်မှာ ပစ်ခတ်တဲ့အသံတွေ စပြီးကြားရ တာ၊ လက်နက်ကြီးရော လက်နက်ငယ်တွေရော အသံစုံပဲ။ ထားဝယ်မြို့နယ် ဇဟာရွာနဲ့ ရေဖြူမြို့နယ် ကျောက် ကညာရွာတွေက စစ်ကော်မရှင် အမြောက်တပ်တွေဘက်ကလည်း လက်နက်ကြီးတွေနဲ့ အချက်ရေ မနည်းဘူး ပစ်ကူကြသေးတယ်။

စစ်ကော်မရှင်တပ်သည် နည်းပညာတက္ကသိုလ်အနီး အပြင် ရဲအိုင်နှင့် ပဒိုင်းချောင်းကျေးရွာများဘက်ကိုလည်း လေကြောင်းမှ ဗုံးကြဲခဲ့သည့်အပြင် စက်သေနတ်များဖြင့်ပါ ပစ်ခတ်ခဲ့သဖြင့် ထိခိုက်ပျက်စီးမှုများ ရှိနိုင်သော် လည်း အသေးစိတ်ကိုမူ အတည်မပြုနိုင်သေးပေ။

မောင်မယ်ရှောင်ကျေးရွာသည် တော်လှန်ရေးအင်အားစုများနှင့် စစ်ကော်မရှင်တပ်တို့ အကြား မကြာခဏ ဆိုသလို တိုက်ပွဲများဖြစ်ပွားရာ နယ်မြေတစ်ခုဖြစ်ပြီး ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ရွာသားများမှာ နေရပ် စွန့်ခွာကာ ရွာလုံးကျွတ် တိမ်းရှောင်နေကြရခြင်း ဖြစ်သည်။ 

ယခုတစ်ကျော့ပြန် တိုက်ပွဲများကြောင့် ဒေသခံများမှာ နေရပ်ပြန်နိုင်ရန် မျှော်လင့်ချက် ပိုမိုဝေးကွာသွားခဲ့ရသလို၊ စစ်ဘေးရှောင်စခန်းများတွင်လည်း စိုးရိမ်ထိတ်လန့်စွာဖြင့် နေထိုင်နေကြရသည်။