ဒီးမော့ဆို အနောက်ခြမ်းတွင် စက်ဆီရှား၍ သောက်သုံးရေပြတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက်။
ကရင်နီ (ကယား) ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများတွင် စက်သုံးဆီရှားပါးမှုနှင့် အတူ ရေကားခဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းကြောင့် သောက်သုံးရေ ပေးဝေရေးလုပ်ငန်း အချို့ ရပ်ဆိုင်းသွားခဲ့ရပြီး စစ်ဘေးရှောင်ပြည်သူများ ရေရှားပါးမှုအန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
နွေရာသီကာလ ရောက်ရှိလာသည်နှင့်အမျှ ကရင်နီဒေသ၌ ရှေးယခင်ကတည်းက ရှိခဲ့သော ရေရှားပါးမှု ပြဿနာ သည် ယခုနှစ်တွင် စက်သုံးဆီပြတ်လပ်မှုနှင့် ပေါင်းစပ်ကာ ပိုမိုဆိုးရွားလာခြင်း ဖြစ်သည်။
ရေကားခဈေးနှုန်းများမှာ ယခင်က ဂါလံ ၈၀၀ ဆန့် တစ်စီးလျှင် ကျပ် ၃၀,၀၀၀ မှ ၄၅,၀၀၀ ဝန်းကျင်သာရှိ ခဲ့သော်လည်း ယခုအခါ ကျပ် ၈၀,၀၀၀ မှ ၁၂၅,၀၀၀ အထိ အသီးသီး မြင့်တက်သွားကြောင်း သိရသည်။
စစ်ဘေးရှောင် CDM အမျိုးသမီးတစ်ဦးက “ကျမသိသလောက်ဆို (ရေပေးဝေရေး) ရပ်ကုန်တာ ၃ ဖွဲ့လောက်ရှိ ပြီ။ ဆီမရှိတော့ ဘာမှလုပ်မရဘူး။ ထမင်းတောင်မှ စားဖို့မရှိရင် ရှာကြံလို့ရသေးတယ်။ ရေကတော့ ကျမ တော်တော် စိတ်ပူတယ်” ဟု ၎င်း၏ စိုးရိမ်မှုကို ပြောသည်။
စက်သုံးဆီရှားပါးမှုသည် ရေတင်စက်များနှင့် ရေကားများအတွက် သာမက တော်လှန်ရေး အင်အားစုများ၏ လှုပ်ရှားမှုများအပေါ်တွင်လည်း သက်ရောက်မှုရှိနေသည်။
စစ်ဘေးရှောင်ထောက်ပံ့ရေး ဆောင်ရွက်ပေးနေသူတစ်ဦးက “ဆီက တော်လှန်ရေးအဖွဲ့တွေလည်း ဒုက္ခရောက် နေတယ်။ အခုဆီပြဿနာက ရေကြီးတာထက် ဆိုးတယ်လို့ ပြောလို့ရတယ်။ အလှူရှင်ရှိလည်း ဘာလုပ်လို့ မရဘူး။ ဝယ်လို့ကို မရနေတာလေ” ဟု ပြောသည်။
လက်ရှိတွင် စက်သုံးဆီများမှာ ရှမ်းပြည် တောင်ပိုင်း လမ်းကြောင်းမှ ဝင်ရောက်နိုင်ခြင်းမရှိဘဲ တောင်ငူ – လိပ်သို – ယာဒို လမ်းကြောင်းမှသာ ခက်ခဲစွာ ဝင်ရောက်နေရခြင်းဖြစ်သည်ဟု ဆိုကြသည်။
ထိုသို့သော အခြေအနေများကြောင့် ဝင်ငွေနည်းပါးသည့် စစ်ဘေးရှောင်များမှာ ရေကို ဝယ်ယူအသုံးပြုရန် မတတ်နိုင်တော့သည့်အပြင် ကူညီထောက်ပံ့ရေးအဖွဲ့များကလည်း ဆီအခက်အခဲကြောင့် ရေကားများ မမောင်းနှင်နိုင်တော့ဘဲ ရပ်နားထားရခြင်း ဖြစ်သည်။
ဒီးမော့ဆိုမြို့နယ် အပြင် ဖရူဆို၊ ဘောလခဲနှင့် ဖားဆောင်းမြို့နယ်များတွင်လည်း မတ်လကတည်းက ရေရှားပါးမှု စတင်နေပြီး ယခုဧပြီလအတွင်း အပူရှိန်မြင့်တက်လာမှုနှင့်အတူ အခြေအနေများ ပိုမိုဆိုးရွားလာနိုင်ကြောင်း တော်လှန်ရေးအင်အားစုများနှင့် ကူညီရေးအဖွဲ့များက သတိပေးထားသည်။
စစ်ဘေးရှောင်ပြည်သူများ အနေဖြင့် ရေကို စနစ်တကျ ချွေတာသုံးစွဲနေရသော်လည်း ရေရှည်အတွက်မူ ကြီးမား သော လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတစ်ခု ဖြစ်လာနိုင်ကြောင်း အကူအညီပေးနေသူများက သုံးသပ်ပြောဆိုနေကြသည်။