Telenor ကုမ္ပဏီအပေါ် မြန်မာသုံးစွဲသူများကိုယ်စား စုပေါင်းတရားစွဲဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်။ 

မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်ခဲ့သည့် နော်ဝေအခြေစိုက် Telenor တယ်လီကွန်းကုမ္ပဏီကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များကို စစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် နော်ဝေနိုင်ငံတွင် တရားစွဲဆိုလိုက်သည်။ 

ဆွီဒင်အခြေစိုက် အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုက နစ်နာသူ ၁,၂၀၀ ကျော်ကိုယ်စား စုပေါင်းတရားစွဲဆိုခြင်း (Class Action Lawsuit) ဖြစ်ပြီး၊ ကုမ္ပဏီထံမှ နစ်နာကြေးရယူရန် တရားဝင်စွဲဆိုသည့် ပထမဆုံးသော အမှုလည်းဖြစ်သည်။

ယခင်က တယ်လီနောကုမ္ပဏီ၏ အကြီးဆုံး ရှယ်ယာရှင် ဖြစ်သည့် နော်ဝေး အစိုးရထံ တိုင်ကြားမှုများ ရှိခဲ့သော်လည်း နစ်နာကြေးရရှိရန် တရားစွဲဆိုမှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ 

စွပ်စွဲချက်များအရ Telenor သည် နိုင်ငံရေးအတိုက်အခံများ၏ ဖုန်းခေါ်ဆိုမှုမှတ်တမ်းနှင့် တည်နေရာအချက်အလက်များကို စစ်ကောင်စီထံ ပေးအပ်ခဲ့ခြင်းကြောင့် တက်ကြွလှုပ်ရှားသူတစ်ဦး ကွပ်မျက်ခံခဲ့ရပြီး အခြားတစ်ဦးမှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်ဟု ဆိုသည်။ 

တရားစွဲဆိုသည့်အဖွဲ့က သုံးစွဲသူတစ်ဦးလျှင် ယူရို ၉,၀၀၀ စီ နစ်နာကြေးပေးလျော်ရန် တောင်းဆိုထားသည်။ 

Telenor ဘက်ကမူ ၎င်းတို့သည် စစ်ဇုန်အတွင်း လုပ်ငန်းလုပ်ကိုင်နေရခြင်းဖြစ်သဖြင့် ဝန်ထမ်းများ၏ အသက်အန္တရာယ်ကို ငဲ့ကွက်ကာ စစ်ကောင်စီ၏ တောင်းဆိုမှုကို ငြင်းဆန်ရန် ခက်ခဲခဲ့ကြောင်း ပြန်လည်ဖြေရှင်းထားသည်။