ဩစတေးလျ စစ်သူရဲကောင်း စစ်ရာဇဝတ်မှုဖြင့် တရားစွဲခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်။
သြစတြေးလျနိုင်ငံ၏ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် အများဆုံးရရှိထားသည့် ဝါရင့်စစ်သည်ဟောင်း ဘင်ရောဘတ်စမစ် Ben Roberts-Smith အား အာဖဂန်နစ္စတန်စစ်ပွဲအတွင်းကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများအတွက် တရားစွဲဆိုလိုက်သည်။
သြစတြေးလျနိုင်ငံ၏ သက်ရှိထင်ရှား ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် အများဆုံးရရှိထားသူ Ben Roberts-Smith သည် အာဖဂန်နစ္စတန်စစ်ပွဲအတွင်း စစ်ရာဇဝတ်မှု (လူသတ်မှု) ကျူးလွန်ခဲ့သည်ဟူသော စွဲချက်များဖြင့် ဗုဒ္ဓဟူးနေ့က ဆစ်ဒနီတရားရုံးတွင် ရုံးထုတ်စဉ် အာမခံလျှောက်ထားခြင်း မပြုခဲ့ပေ။
အသက် ၄၇ နှစ်အရွယ်ရှိ Roberts-Smith သည် ၂၀၀၉ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံ၊ အူရုဇ်ဂန်ပြည်နယ်တွင် အထူးတပ်ဖွဲ့ဝင် (SAS) အဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်း အာဖဂန်အရပ်သား ၅ ဦးအား သတ်ဖြတ်ခဲ့မှု၊ သို့မဟုတ် လက်အောက်ခံစစ်သည်များအား သတ်ဖြတ်ရန် အမိန့်ပေးခဲ့မှုတို့ဖြင့် စွဲချက်တင်ခံထားရခြင်း ဖြစ်သည်။
၎င်းအား စစ်ရာဇဝတ်မှု (လူသတ်မှု) ၂ ခုနှင့် စစ်ရာဇဝတ်မှုတွင် အားပေးကူညီမှု ၃ ခု၊ စုစုပေါင်း စွဲချက် ၅ ခုဖြင့် တရားစွဲဆိုထားပြီး ပြစ်မှုထင်ရှားပါက တစ်သက်တစ်ကျွန်း ပြစ်ဒဏ်အထိ ကျခံရနိုင်သည်။
၂၀၂၀ ပြည့်နှစ်က ထွက်ပေါ်ခဲ့သည့် စစ်ဘက်ဆိုင်ရာ အစီရင်ခံစာတစ်ခုအရ သြစတြေးလျ အထူးတပ်ဖွဲ့ဝင်များသည် အာဖဂန်အကျဉ်းသားများနှင့် အရပ်သား ၃၉ ဦးအား မတရားသဖြင့် သတ်ဖြတ်ခဲ့သည်ဟူသော အထောက်အထားများ တွေ့ရှိခဲ့ရသည်။
Roberts-Smith သည် အာဖဂန်စစ်ပွဲအတွင်း စစ်ရာဇဝတ်မှုဖြင့် တရားစွဲဆိုခံရသည့် ဒုတိယမြောက် သြစတြေးလျစစ်သည်ဟောင်း ဖြစ်လာခဲ့သည်။
ယခင်က အလားတူစွဲချက်ဖြင့် တရားစွဲဆိုခံထားရသည့် အော်လီဗာ ရှုဇ် Oliver Schulz ကမူ ၎င်းတွင် အပြစ်မရှိကြောင်း ငြင်းဆိုထားပြီး ၂၀၂၇ ခုနှစ်တွင်မှ တရားရင်ဆိုင်ရဖွယ် ရှိပါသည်။
သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစ်က ယခုဖြစ်ရပ်သည် သြစတြေးလျ ကာကွယ်ရေးတပ်ဖွဲ့အတွက် “ခက်ခဲသောအချိန်ကာလ” ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ဥပဒေကြောင်းအရ ဆောင်ရွက်နေသည့်ကိစ္စဖြစ်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
အတိုက်အခံခေါင်းဆောင် Angus Taylor ကမူ တရားစွဲဆိုခံရသည့် စစ်သည်များအတွက် အစိုးရက ရှေ့နေစရိတ် ကျခံပေးရန် တောင်းဆိုထားသည်။
Roberts-Smith သည် ၎င်းအား စစ်ရာဇဝတ်ကောင်အဖြစ် ရေးသားဖော်ပြခဲ့သည့် သတင်းစာတိုက်များကို အသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့ဖူးသော်လည်း ၂၀၂၃ ခုနှစ်တွင် အရပ်ဘက်တရားရုံးက ၎င်းသည် အရပ်သား ၄ ဦးအား သတ်ဖြတ်ခဲ့သည်မှာ မှန်ကန်နိုင်ခြေရှိသည်ဟု ဆုံးဖြတ်ကာ အဆိုပါအမှုကို ပလပ်ခဲ့ပါသည်။
သို့သော်လည်း ယခု ရာဇဝတ်ကြောင်းအရ တရားစွဲဆိုမှုတွင်မူ တရားလိုဘက်က သံသယဖြစ်ဖွယ်မရှိ လောက်အောင် ခိုင်လုံသည့် သက်သေအထောက်အထားများ တင်ပြနိုင်ရန် လိုအပ်မည် ဖြစ်ပါသည်။
၎င်းအား ဆစ်ဒနီလေဆိပ်တွင် အင်္ဂါနေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တရားရုံးက အမှုကို လာမည့် ဇွန်လ ၄ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်သဖြင့် Roberts-Smith သည် အချုပ်ထဲတွင် ဆက်လက် ရှိနေမည် ဖြစ်ပါသည်။