အိမ်ထောင်မပြုသူတွေမှာ ကင်ဆာဖြစ်နိုင်ချေ ပိုများ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်။
ကင်ဆာ ရောဂါ ဖြစ်ပွားမှုနဲ့ ပတ်သက်လို့ သုတေသန မျိုးစုံ လုပ်ကြပါတယ်။
ဘာအစားအစာစားရင် ကင်ဆာ ဖြစ်သလဲ၊ ငရုတ်သီး၊ ကော်ဖီ၊ စက်ရုံထုတ် အစားအစာ၊ တွေစားရင် ကင်ဆာ ဖြစ်တတ်သလား၊ လေ့ကျင့်ခန်း လုပ်တဲ့သူနဲ့ မလုပ်တဲ့သူ ဘယ်သူ့မှာ ကင်ဆာ ပိုဖြစ်သလဲ။ ဆေးလိပ်သောက်တဲ့သူတွေမှာ ကင်ဆာပိုဖြစ်သလား စသဖြင့် လေ့လာမှု အမျိုးမျိုး လုပ်ခဲ့ကြပါတယ်။
အခု လုပ်ခဲ့တဲ့ လေ့လာမှု အသစ်ကတော့ အိမ်ထောင်ပြုမှုနဲ့ ကင်ဆာရောဂါ ဆက်စပ်တဲ့ လေ့လာမှု အသစ်ဖြစ်ပါတယ်၊။
အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ် ၁၂ ခုက လူဦးရေ သန်း ၁၀၀ ကျော်ကို ၈ နှစ်ကြာ လေ့လာခဲ့တဲ့ သုတေသနအရ တစ်ခါမှ အိမ်ထောင်မပြုဖူးသူတွေဟာ အိမ်ထောင်ရှိသူ (သို့မဟုတ်) အိမ်ထောင်ကျဖူးသူတွေထက် ကင်ဆာဖြစ်နိုင်ခြေ ပိုများနေတာ ကို တွေ့ရှိခဲ့ရပါတယ်။
အိမ်ထောင်မပြုဖူးတဲ့ အမျိုးသားတွေဟာ အိမ်ထောင်ရှိသူတွေထက် ကင်ဆာဖြစ်နိုင်ခြေ ၇၀% ပိုများပါတယ်။
အိမ်ထောင်မပြုဖူးတဲ့ အမျိုးသမီးတွေမှာတော့ ၈၅% အထိ ပိုများနေတာကို တွေ့ရပါတယ်။
အထူးသဖြင့် အိမ်ထောင်မပြုဖူးတဲ့ အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုနှုန်းဟာ အိမ်ထောင်ရှိသူတွေထက် ၃ ဆနီးပါး ပိုများနေတာကို တွေ့ရှိရပါတယ်။
လက်မထပ်ထားတဲ့သူတွေမှာ ဘာကြောင့် ကင်ဆာဖြစ်နိုင်ခြေ ပိုများတာလဲ?
သုတေသနပညာရှင်တွေရဲ့ အဆိုအရ ဒါဟာ လက်ထပ်ခြင်း (Marriage) ဆိုတဲ့ အခမ်းအနားကြောင့် မဟုတ်ဘဲ နေထိုင်မှုပုံစံ (Lifestyle) ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ အဓိက အကြောင်းရင်း ၄ ချက် ရှိပါတယ်။
၁။ နေထိုင်မှုအလေ့အထ (Health Behaviors):
အိမ်ထောင်မရှိသူတွေဟာ အိမ်ထောင်ရှိသူတွေထက် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကို စားသုံးမိခြင်း ပိုများတတ်ကြောင်း တွေ့ရပါတယ်။
၂။ ရောဂါရှာဖွေစစ်ဆေးမှု (Cancer Screenings):
အိမ်ထောင်ရှိသူတွေမှာ အဖော်ဖြစ်သူက ကျန်းမာရေးစစ်ဆေးဖို့ တိုက်တွန်းတာ၊ သတိပေးတာမျိုးတွေ ရှိတတ်ပါတယ်။ ဥပမာ- အိမ်ထောင်ရှိတဲ့ အမျိုးသားတွေဟာ အိမ်ထောင်မရှိသူတွေထက် အူမကြီးမှန်ပြောင်းကြည့် စစ်ဆေးမှု (Colonoscopy) လုပ်ဖို့ ၂၀% ပိုများပါတယ်။ ဒါကြောင့် ရောဂါကို ကြိုတင်ကာကွယ်နိုင်ခြေ ပိုများတာပါ။
၃။ လူမှုရေးအရ အထီးကျန်မှု (Social Isolation):
တစ်ယောက်တည်း နေထိုင်သူတွေဟာ လူမှုရေးအရ အထီးကျန်မှု ပိုခံစားရလေ့ရှိပြီး၊ ဒါဟာ ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေတဲ့ အချက်တစ်ချက် ဖြစ်နိုင်တယ်လို့ သုတေသနအချို့က ဆိုပါတယ်။
၄။ ကူးစက်ရောဂါနှင့် လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှု:
လက်မထပ်ထားသူတွေမှာ လိင်ဆက်ဆံဖော် ပိုများနိုင်တဲ့အတွက် ကူးစက်ရောဂါတွေကတစ်ဆင့် ဖြစ်ပွားတတ်တဲ့ ကင်ဆာရောဂါတွေ (ဥပမာ- သားအိမ်ခေါင်းကင်ဆာ) ဖြစ်နိုင်ခြေ ပိုများတာ ဖြစ်နိုင်ပါတယ်။
ဒီလိုဆိုရင် မေးစရာ ဖြစ်လာတာက လက်မထပ်ရင် ကင်ဆာဖြစ်တော့မှာလား။
အဖြေကတော့ “မဟုတ်ပါ”။ ဆရာဝန်တွေက အောက်ပါအချက်တွေကို အလေးပေး ပြောကြားထားပါတယ်-
- လက်ထပ်ခြင်းကသာ အဖြေမဟုတ်ပါ:
- ဒီသုတေသနမှာ “လက်မထပ်ထားသူ” လို့ သတ်မှတ်ထားတဲ့အထဲမှာ အတူတူနေထိုင်နေတဲ့ ချစ်သူတွေ၊ ရေရှည်လက်တွဲဖော်ရှိသူတွေလည်း ပါဝင်နေပါတယ်။ အကယ်၍ သင့်မှာ အိမ်ထောင်မရှိပေမယ့် မိသားစု၊ သူငယ်ချင်း ဒါမှမဟုတ် လူမှုပတ်ဝန်းကျင်နဲ့ ခိုင်မာတဲ့ ဆက်ဆံရေးရှိမယ်၊ အပြန်အလှန် ဂရုစိုက်ပေးမယ့်သူရှိမယ်ဆိုရင် အိမ်ထောင်ရှိသူတွေလိုပဲ ကာကွယ်မှုရနိုင်ပါတယ်။
- ကင်ဆာက ရှုပ်ထွေးတဲ့ရောဂါပါ:
- အိမ်ထောင်ရေး အခြေအနေတစ်ခုတည်းနဲ့ ကင်ဆာဖြစ်၊ မဖြစ် ဆုံးဖြတ်လို့ မရပါဘူး။ မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်နဲ့ မိမိရဲ့ ကိုယ်တိုင် နေထိုင်မှုပုံစံတွေက ပိုပြီး အရေးကြီးပါတယ်။
ကင်ဆာကြောက်လို့ ချစ်သူရှာစရာမလိုပါဘူး။ အဓိကကတော့ မိမိရဲ့ ကျန်းမာရေးကို မိမိကိုယ်တိုင် ပိုပြီး ဂရုစိုက်ဖို့၊ ပုံမှန် ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ဖို့ တိုက်တွန်းတာပဲ ဖြစ်တယ်လို့ သုတေသန တွေ့ရှိသူတွေက ပြောပါတယ်။
လက်မထပ်ထားတဲ့သူတွေဟာ မိမိကိုယ်မိမိ ပိုပြီး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဆေးလိပ်၊ အရက် ရှောင်ကြဉ်တာ၊ အစားအသောက် ဆင်ခြင်တာနဲ့ အသက်အရွယ်အလိုက် လုပ်သင့်တဲ့ ကင်ဆာရောဂါ ကြိုတင်စစ်ဆေးမှုတွေကို (Screening) ပုံမှန်လုပ်ဆောင်သွားမယ်ဆိုရင် အိမ်ထောင်ရှိသူတွေထက် ကင်ဆာဖြစ်နိုင်ခြေ ပိုများစရာ အကြောင်းမရှိဘူးလို့လည်း ဆိုထားပါတယ်။