ဆီပြတ် မီးပြတ်သဖြင့် ရေသန့်နှင့် သောက်ရေများ ဈေးတက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၄ ရက်။
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့် စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုဒဏ်များကြောင့် သောက်ရေအဖြစ် အသုံးပြုနေသည့် စက်ရုံထုတ်ရေသန့်နှင့် တွင်းရေဈေးနှုန်းများ တစစ မြင့်တက်လာနေကြောင်း မြို့ခံများက ပြောသည်။
ပုသိမ်မြို့သည် ပင်လယ်နှင့်နီးကာ ဒီရေဝင်ထွက်မှုရှိသဖြင့် ရေချိုတူးဖော်ရရှိရန် ခက်ခဲသော ဒေသတစ်ခု ဖြစ်သည်။
လက်ရှိတွင် ရေသန့်တံဆိပ် အမျိုးအစားပေါ် မူတည်ကာ ၂၀ လီတာတစ်ဗူးလျှင် ယခင် ၁,၀၀၀ ကျပ်မှ ၁,၅၀၀ ကျပ်အထိလည်းကောင်း၊ တွင်းရေနှင့် စက်တွင်းရေ ၅ ဂါလံတစ်ပုံးလျှင် ၃၀၀ ကျပ်မှ ၅၀၀ ကျပ်အထိ လည်း ကောင်း ဈေးနှုန်းများ အသီးသီး မြင့်တက်သွားခြင်း ဖြစ်သည်။
အမှတ် (၄) ရပ်ကွက်မှ အသက် ၅၀ ခန့်ရှိ အမျိုးသမီး တစ်ဦးက “ဧရာမင်းနဲ့ ကောင်းသန့်တံဆိပ် ရေသန့်တွေ ကတော့ တစ်ဗူး ၁,၅၀၀ ကျပ်ပဲ။ ကျန်တဲ့တံဆိပ်တွေကတော့ ၁,၂၀၀ ရှိတယ်၊ ၁,၃၀၀ ရှိတယ်။ လူကြိုက် များ တဲ့ အပေါ်လိုက်ပြီး ဈေးအနည်းအများ ကွာသွားတာ” ဟု ပြောသည်။
ပုသိမ်မြို့ပေါ်တွင် ရေချိုရေသန့် ထွက်ရှိသည့် နေရာရှားပါးပြီး ဘိုကနောင်နှင့် ကျောက်စရစ်ကုန်း ရပ်ကွက်ရှိ အချို့နေရာများတွင်သာ တူးဖော်ရရှိနိုင်ခြင်းဖြစ်သည်။
အဆိုပါ ရပ်ကွက်များရှိ ရေတွင်းများမှ ရေကို မြို့ခံအများစုက အားကိုးနေရခြင်းလည်း ဖြစ်သည်။
အမှတ် (၄) ရပ်ကွက်မှ အသက် ၈၀ ခန့်ရှိ အမျိုးသားတစ်ဦးက “ဘိုကနောင်နဲ့ ကျောက်စရစ်ကုန်း ရပ် ကွက်မှာက ရေကောင်းတယ်၊ ရေချိုရေသန့်ထွက်တာပေါ့။ နေရာတိုင်းတော့ မဟုတ်ဘူးလေ။ တချို့နေရာမှာ တူးလို့ရတာ။ အဲဒီလူတွေဆီက ဝယ်ပြီး လက်တွန်းလှည်း၊ တုတ်တုတ်တွေနဲ့ လှည့်ရောင်းကြတာကို ဝယ်သုံး ကြရတာ” ဟု လက်ရှိအခြေအနေကို ရှင်းပြသည်။
ရေသန့်ထုတ်လုပ်သူများဘက်ကမူ လျှပ်စစ်မီးမမှန်ခြင်းနှင့် စက်သုံးဆီကို ခွဲတမ်းဖြင့် ဝယ်ယူနေရခြင်း၊ မှောင်ခို ဈေးကွက်တွင် ဈေးကြီးပေးဝယ်နေရခြင်းများကြောင့် ယခုကဲ့သို့ ဈေးတင်ရောင်းချရခြင်း ဖြစ်ကြောင်း ဆိုကြသည်။
ရေသန့်ထုတ်လုပ်သူတစ်ဦးက “လျှပ်စစ်မီးမရတော့ မီးစက်မောင်းပြီး စက်လည်ရတယ်။ ရေသန့်ပို့တော့ စက်သုံးဆီဈေးက ၂ ဆ ဖြစ်နေပြီလေ။ အဲဒီတော့ ရေသန့်ဈေးတင်လိုက်ရတယ်။” ဟု ပြောသည်။
ယခုအခါ ပုသိမ်မြို့ပေါ်တွင် ဧရာကင်း၊ NECTAR၊ ချိုအေးမြ၊ ကောင်းသန့်၊ စွယ်တော်နှင့် KMZ စသည့် ရေသန့် တံဆိပ်များ ထုတ်လုပ်ရောင်းချနေသော်လည်း အစစအရာရာ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ရေရောင်းချသူ များလည်း အခက်တွေ့နေကြသည်။
ရေတွင်းမှ ရေကိုခပ်ယူကာ ရောင်းချရခြင်းဖြစ်သော်လည်း အခြေခံကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာ ခြင်း ကြောင့် မိသားစု စားဝတ်နေရေး ပြေလည်စေရန်အတွက် ရေဈေးနှုန်းကို တိုးမြှင့်ရောင်းချရခြင်း ဖြစ်ကြောင်း လက်တွန်းလှည်းဖြင့် ရေရောင်းချသူတစ်ဦးက ဆိုသည်။
လက်ရှိတွင် ညောင်ပင်သာဘုန်းကြီးကျောင်း၊ ရွှေစည်းခုံဘုရားနှင့် ရွှေမုဌောဘုရားရှိ ရေတွင်းများမှာ ရေကောင်း ရေသန့် ထွက်ရှိသည့် နေရာများအဖြစ် လူသိများနေဆဲဖြစ်သော်လည်း မြို့လုံးကျွတ် သုံးစွဲရန်အတွက်မူ အခက် အခဲများ ရှိနေဆဲဖြစ်သည်။
နွေအပူရှိန် မြင့်တက်လာသည့်နှင့်အမျှ လျှပ်စစ်မီးနှင့် စက်သုံးဆီ အကျပ်အတည်းများကြောင့် ပုသိမ်မြို့ခံတို့မှာ သောက်ရေအတွက်ပါ ကုန်ကျစရိတ် ပိုမိုသုံးစွဲနေရဟု ပြောဆိုနေကြသည်။