လူသားဒိုင်းနှင့် လေကြောင်းပစ်ကူသုံးကာ စစ်တပ် မောတောင်မြို့ကို ပြန်သိမ်း
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၀ ရက်။
ထိုင်း-မြန်မာနယ်စပ် တနင်္သာရီ တိုင်းအတွင်းရှိ မောတောင် နယ်စပ်မြို့ကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီး နှင့် ဒရုန်းပစ်ကူများ အပြင် ဒေသခံများကိုပါ လူသားဒိုင်းအဖြစ် အသုံးပြုကာ ထိုးစစ်ဆင်ခဲ့သဖြင့် တော်လှန်ရေး ပူးပေါင်းတပ်များ မြို့မှ ပြန်လည် ဆုတ်ခွာခဲ့ရသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင် တပ်မဟာ (၄) နှင့် တော်လှန်ရေးပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့တစ်မြို့ ဖြစ်သည့် မောတောင်မြို့ကို စစ်တပ်က မေလ ၁၉ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်သွားခဲ့ခြင်း ဖြစ်သည်။
ထိုအခြေအနေကို KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက အတည်ပြုထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက “လက်နက်ကြီးနဲ့ ဒရုန်းကို အများကြီးသုံးပြီးဝင်လာကြတော့ နောက်ဆုတ်ပြီး မြို့ကိုပြန်ပေးလိုက်ရတယ်”ဟု ပြောသည်။
မြေပြင်သတင်းများအရ စစ်တပ်သည် မေလ ၁၁ ရက်နေ့ကတည်းက အမှတ် (၉) ကျေးရွာသို့ ရောက်ရှိလာပြီး ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခုကို မီးရှို့ဖျက်ဆီးခဲ့ကာ၊ လမ်းခရီးတစ်လျှောက်တွင် တွေ့ရှိရသည့် ရဟန်း သံဃာများနှင့် ရွာသား တစ်ရာကျော်ကို ဖမ်းဆီး၍ လူသားဒိုင်းအဖြစ် တန်ဆာခံပြုလုပ်ကာ မြို့အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်း ဖြစ်သည်။
စစ်ရှောင်များအား အကူအညီပေးနေသူ တစ်ဦးကလည်း“ဖမ်းဆီးခံရသူတွေအထဲတွင် ရဟန်းသံဃာတွေလည်း ပါတယ်။ ရွာသားတစ်ရာလောက်ကို လူသားဒိုင်းလုပ်ပြီး ဖမ်းထားတယ်လို့ ပြောတယ်။ လက်နက်ကြီးတွေ၊ ဒရုန်းတွေ ပစ်ခတ်ပြီး တောက်လျှောက် စစ်ကြောင်းထိုးလာတာလို့ ပြောတယ်ဗျ” ဟု ပြောသည်။
KNU ဖက်ကမူ စစ်တပ် အနေဖြင့် ယခုကဲ့သို့ စစ်အင်အားကို အလွန်အကျွံအသုံးပြုကာ နယ်မြေပြန်လည် စိုးမိုးရန် ကြိုးပမ်းခြင်းသည် တော်လှန်ရေး အဖွဲ့အစည်းများကို ၎င်းတို့နှင့် ဆွေးနွေးပွဲစားပွဲဝိုင်းသို့ လာရောက်ရန် ဖိအားပေးသည့် နည်းဗျူဟာတစ်ခု ဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။
တစ်ဖက်တွင် စစ်တပ်၏ ဝါဒဖြန့်မီဒီယာများက မောတောင်မြို့ကို ၁၅ ရက်တာ စစ်ဆင်ရေးအတွင်း တိုက်ပွဲကြီး ငယ် အကြိမ် ၂၀၀ ကျော် ဖြစ်ပွားကာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်းနှင့် တော်လှန်ရေးရဲဘော်များ ထိခိုက်ကျဆုံးမှုရှိကာ လက်နက်များ သိမ်းဆည်းရမိကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။
မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်များက ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အရှိန် အဟုန်ဖြင့် မြို့သိမ်းစစ်ဆင်ရေး စတင်ခဲ့ရာ တိုက်ပွဲ ၄ ရက်မြောက်နေ့ ဖြစ်သည့် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် စစ်တပ်ထံမှ ၁၂၀ မမ လက်နက်ကြီး အပါအဝင် လက်နက်မျိုးစုံနှင့် စစ်သုံ့ပန်း ၄၃ ဦးတို့ကို ဖမ်းဆီးသိမ်းပိုက် နိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း စစ်တပ်သည် ၎င်းတို့လက်လွှတ်ခဲ့ရသည့် အဆိုပါ နယ်စပ်မြို့ကို ပြန်လည်ရရှိရန် ဧပြီလနှင့် မေလများအတွင်း လေကြောင်းမှပါ အုပ်စုဖွဲ့ဗုံးကြဲသည့် စနစ်သို့ ပြောင်းလဲကာ အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် မောတောင်မြို့ကို စစ်တပ်က ပြန်လည်စိုးမိုးလိုက်ပြီးနောက် မြို့ပေါ်ဘုန်းတော်ကြီးကျောင်းများ၌ စစ်ဘေးရှောင်နေသည့် ဒေသခံရွာသားများသည် ထပ်မံ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။