ကျူးဘားသမ္မတဟောင်း ကက်စထရိုကို လူသတ်မှုဖြင့် အမေရိကန် တရားစွဲ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်။ 

လွန်ခဲ့သည့် ၃၀ စုနှစ်နီးပါး (၁၉၉၆ ခုနှစ်) က အမေရိကန်နိုင်ငံသား ၄ ဦး သေဆုံးခဲ့ရသည့် အရပ်ဘက်လေယာဉ် ပစ်ချခံရမှုဖြစ်ရပ်နှင့် ပတ်သက်၍ ကျူးဘားသမ္မတဟောင်း ရာအူးလ် ကက်စထရို (Raúl Castro) အား အမေရိကန် ဖက်ဒရယ်အစိုးရရှေ့နေများက ဗုဒ္ဓဟူးနေ့တွင် ရာဇဝတ်မှုဖြင့် တရားဝင်တရားစွဲဆိုလိုက်သည်။

လက်ရှိတွင် အသက် ၉၅ နှစ် ပြည့်လုနီးပါးရှိပြီဖြစ်သည့် ကျူးဘားခေါင်းဆောင်ဟောင်း ရာအူးလ် ကက်စထရိုသည် ဖြစ်ပွားချိန်က ကျူးဘားကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။ 

သူသည် မိုင်ယာမီအခြေစိုက် ကျူးဘားဒုက္ခသည် ကယ်ဆယ်ရေးအဖွဲ့၏ လက်နက်မဲ့ အရပ်ဘက် စက်စနာ လေယာဉ်ငယ် နှစ်စင်းကို ပစ်ချရန် အမိန့်ပေးခဲ့မှုကြောင့် လူသတ်မှု၊ လေယာဉ်ဖျက်ဆီးမှု စသည့် စွဲချက်များဖြင့် တရားစွဲဆိုခံရခြင်းဖြစ်သည်။

အဆိုပါ တရားစွဲဆိုမှုအပေါ် ကျူးဘားလက်ရှိသမ္မတ မီဂွယ် ဒီယက်ဇ် ကာနယ် (Miguel Díaz-Canel) က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်သည်။ 

ယခုလုပ်ရပ်သည် ကျူးဘားနိုင်ငံအပေါ် စစ်ရေးအရ ကျူးကျော်ရန် ကြံစည်သည့် နိုင်ငံရေးလှည့်ကွက်သာ ဖြစ်ကြောင်းနှင့် ထိုစဉ်က အမေရိကန်လေယာဉ်များသည် ကျူးဘားလေပိုင်နက်ကို အန္တရာယ်ရှိစွာ ကျူးကျော်ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း တုံ့ပြန်စွပ်စွဲခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကမူ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ဗင်နီဇွဲလားသမ္မတဟောင်း နီကိုးလပ်စ် မာဒူရိုကို အမေရိကန်တပ်ဖွဲ့များက ဖမ်းဆီးခဲ့ပြီးကတည်းက ကျူးဘားနိုင်ငံအပေါ်တွင်လည်း စစ်ရေးအရ အရေးယူမည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။ 

လက်ရှိတွင်လည်း အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုများကြောင့် ကျူးဘားကျွန်းပေါ်တွင် ပြင်းထန်သော လျှပ်စစ်မီးပြတ်တောက်မှုနှင့် စားနပ်ရိက္ခာပြတ်လပ်မှု ဘေးဒုက္ခများကို ရင်ဆိုင်နေရသည်။ 

ရာအူးလ် ကက်စထရိုသည် ၎င်း၏အစ်ကိုဖြစ်သူ ဖီဒယ် ကက်စထရို (Fidel Castro) နှင့်အတူ ၁၉၅၉ ခုနှစ်တွင် အမေရိကန်ကျောထောက်နောက်ခံပြု ဘာတစ်စတာအစိုးရကို ဖြုတ်ချကာ ကျူးဘားကို ကွန်မြူနစ်နိုင်ငံအဖြစ် ထူထောင်ခဲ့သူ ဖြစ်သည်။