ပါရာမော်တာသုံးပြီး ပုလောကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ အရပ်သားကျေးရွာတစ်ရွာကို စစ်တပ်က မြေပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပါရာမော်တာ (စက်တပ်လေထီး) များ အသုံးပြုကာ ပထမဆုံးအကြိမ် ဗုံးသီးချ တိုက် ခိုက်ခဲ့သည်။

ပုလောမြို့နယ်၊ ကဒဲကျေးရွာကို ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့၊ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် စစ်တပ်က ပါရာမော် တာ သုံးစီးဖြင့် လာရောက်ကာ ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံရွာသားများက အတည်ပြု ပြောဆို သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် အသက် ၅၀ ခန့်အရွယ် ကဒဲရွာသားတစ်ဦးက မြေပြင်အခြေအနေကို ယခုကဲ့သို့ ပြောသည်။

ဗုံးက တစ်လုံးပဲ ပေါက်ကွဲတာ၊ လာတာကတော့ သုံးစီးမြင်ရတယ်။ မြင့်တော့ မြင့်တယ်၊ ဗုံးကျကွဲတာနဲ့ ရွာမှာ ရှိတဲ့လူတွေ အကုန်လုံး ကြောက်လန့်ပြီး ကစင့်ကရဲ ပြေးလွှားနေကြရတာမို့ ထိခိုက်မှုကိုတော့ မသိရသေးဘူး။

ကဒဲကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်းကလည်း စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကို ခံခဲ့ရသဖြင့် ရွာသား အများစုမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး၊ လက်ရှိတွင် နေရပ်ပြန် လူနည်းစုသာ ပြန်လည်အခြေချ နေထိုင်နေစဉ် ယခုကဲ့သို့ ပါရာမော်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်။

စစ်တပ်သည် မြိတ်ခရိုင်အတွင်း နယ်မြေစိုးမိုးမှုရရှိရန်အတွက် ကုန်လမ်း၊ ရေလမ်းသာမက ယခုအခါ ပါရာမော် တာကဲ့သို့သော စက်တပ်လေထီးငယ်များကို အသုံးပြုကာ အရပ်သားကျေးရွာများကို ဗုံးကြဲသည့် နည်းဗျူဟာ သစ်ကို အရှိန်မြှင့်အသုံးပြုလာကြောင်း မြေပြင်သတင်းရင်းမြစ်နှင့် ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့၊ နံနက်ပိုင်းကလည်း တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုရှိ ခြောက်အိမ်စု ကျေးရွာနှင့် သာရဘွင်ကျေးရွာအုပ်စုရှိ ကျောက်တောင်ကျေးရွာတို့ကို စစ်တပ်က ပါရာမော်တာ သုံးစီးဖြင့် ဗုံးသီး ချတိုက်ခိုက်ခဲ့သဖြင့် လူနေအိမ်တစ်ဆောင် ပျက်စီးခဲ့သေးသည်။

ယခု ပုလောမြို့နယ်အတွင်း တိုက်ခိုက်မှုသည် မြိတ်ခရိုင်အတွင်း ပါရာမော်တာအသုံးပြု၍ ဒေသခံပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်လာသည့် ဒုတိယအကြိမ်မြောက် ဖြစ်စဉ်ဖြစ်ပြီး၊ စစ်တပ်၏ လေကြောင်းရန်ကြောင့် ဒေသခံများမှာ စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းများကို ပုံမှန်မလုပ်ကိုင်နိုင်ဘဲ လူမှုစီးပွားဘဝများ ပိုမိုကျပ်တည်းလာ နေကြသည်။