အိန္ဒိယ ဖွား သားအမိ အင်္ဂလန်တွင် တပြိုင်တည်း မြို့တော်ဝန်များ ဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၆ ရက် 

လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်ကမှ အင်္ဂလန်နိုင်ငံသို့ ပြောင်းရွှေ့သွားခဲ့သည့် အိန္ဒိယနိုင်ငံဖွား သားအမိနှစ်ဦးသည် ဗြိတိန်နိုင်ငံ၏ မတူညီသော မြို့ပြကောင်စီများတွင် မြို့တော်ဝန်များအဖြစ် ရှေ့ဆင့်နောက်ဆင့် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။ 

အိန္ဒိယနိုင်ငံ ဟာရီယာနာ (Haryana) ပြည်နယ်မှ ယူကေနိုင်ငံသို့ ပြောင်းရွှေ့အခြေချခဲ့သည့် အဆိုပါမိသားစုမှ အသက် ၂၃ နှစ်အရွယ် သားဖြစ်သူ သုရှာ ကူးမား (Tushar Kumar) နှင့် မိခင်ဖြစ်သူ ပါဗင်း ရာနီ (Parveen Rani) တို့ သားအမိနှစ်ဦးစလုံး မြို့တော်ဝန်များ ဖြစ်လာခဲ့ကြခြင်းဖြစ်သည်။

၎င်းတို့အနက် အသက် ၂၃ နှစ်အရွယ် သားဖြစ်သူ သုရှာ ကူးမားသည် မေလ ၁၃ ရက်နေ့တွင် အဲ့လ်စထရီနှင့် ဘိုဟမ်ဝုဒ် (Elstree and Borehamwood) မြို့ပြကောင်စီ၏ မြို့တော်ဝန် ဖြစ်လာခဲ့ပြီး၊ 

ဗြိတိန်နိုင်ငံသမိုင်းတွင် “အသက်အငယ်ဆုံး အိန္ဒိယနွယ်ဖွား မြို့တော်ဝန်” အဖြစ် စံချိန်တင် သမိုင်းမှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့သည်။ 

ထို့နောက် တစ်ပတ်အကြာ မေလ ၂၀ ရက်နေ့တွင် မိခင်ဖြစ်သူ ပါဗင်း ရာနီသည်လည်း ဟတ်တ်စ်မြူအာ (Hertsmere) ၏ ပထမဆုံးသော အိန္ဒိယနွယ်ဖွား အမျိုးသမီး မြို့တော်ဝန်အဖြစ် ထပ်မံရွေးချယ်ခြင်း ခံခဲ့ရသည်။

အဆိုပါ သားအမိနှစ်ဦးစလုံးသည် လူထုအကျိုးပြုလုပ်ငန်းများနှင့် ပရဟိတအလုပ်များကို အမြဲတမ်း ဝါသနာပါခဲ့ကြသူများ ဖြစ်သည်။ 

သားဖြစ်သူ သုရှာ ကူးမားသည် အင်္ဂလန်နိုင်ငံသို့ စတင်ရောက်ရှိစဉ်က အသက် ၁၀ နှစ်သာ ရှိသေးပြီး၊ အသက် ၂၀ အရွယ် လန်ဒန် ကင်းစ်ကောလိပ် (King’s College, London) တွင် နိုင်ငံရေးသိပ္ပံ ဒုတိယနှစ် တက်ရောက်နေစဉ်ကတည်းက ကောင်စီဝင် (Councillor) အဖြစ် စတင်ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ 

သုရှာ ကူးမားက အသက်အရွယ်ဆိုသည်မှာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အတားအဆီးတစ်ခုမဟုတ်ကြောင်း ယုံကြည်ထားသကဲ့သို့၊ မိမိတို့၏ မူရင်းရိုးရာယဉ်ကျေးမှုကိုလည်း အမြဲတန်ဖိုးထားသူဖြစ်သည်။ 

ထို့ကြောင့် ဤသားအမိနှစ်ဦးသည် ယူကေတွင် မွေးဖွားကြီးပြင်းသည့် ကလေးငယ်များအား ဟိန္ဒီဘာသာစကား (Hindi) အခမဲ့သင်ကြားပေးသည့် ပရဟိတလုပ်ငန်းများကိုပါ လုပ်ဆောင်ခဲ့ကြသည်။

လက်ရှိတွင် လေဘာပါတီ ကောင်စီဝင်အဖြစ်မှ မြို့တော်ဝန်တာဝန်ကို စတင်ထမ်းဆောင်နေသည့် သုရှာ ကူးမားသည် လာမည့် စက်တင်ဘာလတွင် မာစတာဘွဲ့ ဆက်လက်တက်ရောက်ရန် ပြင်ဆင်နေပြီး၊ မိခင်ဖြစ်သူ ပါဗင်း ရာနီကလည်း ယဉ်ကျေးမှုနှင့် လူမှုအသိုင်းအဝိုင်းအကြား ပေါင်းကူးတံတားဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။