AI ကို လက်နက်သဖွယ် အသုံးပြုလာကြကြောင်း ဗြိတိန် ထောက်လှမ်းရေးညွှန်မှူး သတိပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၈ ရက်။ 

ရုရှားနဲ့ တရုတ် အပါအဝင် နိုင်ငံ အများအပြားတွင် ဉာဏ်ရည်တု (AI) နည်းပညာကို ရိုးရာ စစ်ပွဲ ပုံစံမဟုတ်သည့် နည်းလမ်းမျိုးစုံဖြင့် လက်နက်သဖွယ် အသုံးပြု တိုက်ခိုက်လာနေသည်ဟု ယူကေအခြေစိုက် အီလက်ထရွန်နစ်နှင့် ဆိုင်ဘာထောက်လှမ်းရေးအေဂျင်စီ (GCHQ) ၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ အန်းန် ကီးစ်တ်-ဘတ်တလာ (Anne Keast-Butler) က သတိပေးလိုက်သည်။ 

လန်ဒန်မြို့အနီး ဗုဒ္ဓဟူးနေ့က ပြုလုပ်သည့် နှစ်ပတ်လည် ဟောပြောပွဲတစ်ခုတွင် အေဂျင်စီညွှန်ကြားရေးမှူးချုပ်က ယ ခုလို ပြောကြားခဲ့ခြ့င်း ဖြစ်သည်။ 

၎င်း၏ ပြောကြားချက်အရ လက်ရှိတွင် ဗြိတိန်နှင့် မဟာမိတ်နိုင်ငံများသည် “ငြိမ်းချမ်းရေးနှင့် စစ်ပွဲကြားက အညိုရောင်နယ်” (Grey Zone) အတွင်းသို့ ရောက်ရှိနေပြီး၊ ရုရှားနိုင်ငံအနေဖြင့် အနောက်ကမ္ဘာအပေါ် ဆိုင်ဘာတိုက်ခိုက်မှုအပါအဝင် ပေါင်းစပ်စစ်ဆင်ရေး (Hybrid Activity) များကို နေ့စဉ်နှင့်အမျှ တိုးမြှင့်လုပ်ဆောင်နေရသူဟု ဆိုသည်။ 

အထူးသဖြင့် ရုရှားသည် အရေးကြီး အခြေခံအဆောက်အအုံများ၊ ဒီမိုကရေစီလုပ်ငန်းစဉ်များ၊ ကုန်စည်စီးဆင်းမှု ကွင်းဆက်များနှင့် ပြည်သူလူထု၏ ယုံကြည်မှုကို ဖျက်ဆီးရန် အဆက်မပြတ် ပစ်မှတ်ထားနေသည့်အပြင်၊ ရေအောက် ဆက်သွယ်ရေး ကေဘယ်ကြိုးများနှင့် စွမ်းအင်ပိုက်လိုင်းများကိုပါ ပစ်မှတ်ထားရန် ကြိုးပမ်းနေကြောင်း ယူကေထောက်လှမ်းရေးက ဖွင့်ချလိုက်သည်။

အဆိုပါ ဆိုင်ဘာလောကအတွင်းမှ ရုရှား၏ ခြိမ်းခြောက်မှုများကို ပြည်သူများ၊ ကုမ္ပဏီများနှင့် အစိုးရများအနေဖြင့် အထူးသတိပြုပြီး ပိုမိုအရေးတကြီး တုံ့ပြန်ဖြေရှင်းခြင်း မပြုလုပ်ပါက အနောက်နိုင်ငံများအနေဖြင့် ဆိုင်ဘာစစ်ပွဲတွင် ရှုံးနိမ့်သွားမည့် အန္တရာယ်ရှိနေကြောင်းလည်း ၎င်းက သတိပေးထားသည်။

ထို့ပြင် တရုတ်နိုင်ငံသည်လည်း သိပ္ပံနှင့် နည်းပညာပိုင်းဆိုင်ရာ “စူပါပါဝါ” နိုင်ငံတစ်ခု ဖြစ်လာနေပြီး၊ ရုရှားရော တရုတ်ပါ အာကာသကဏ္ဍတွင်ပါ ရင်းနှီးမြှုပ်နှံမှုများ အကြီးအကျယ် ပြုလုပ်လာနေသောကြောင့် ယူကေနှင့် မဟာမိတ်များ ရှေ့ကနေ ဆက်လက်ဦးဆောင်နိုင်မည့် အချိန်ပြတင်းပေါက်သည် ကျဉ်းမြောင်းလာနေပြီဖြစ်ကြောင်း ကီးစ်တ်-ဘတ်တလာ က ထောက်ပြခဲ့သည်။

ယခုကဲ့သို့ ဆိုင်ဘာတိုက်ခိုက်မှု ဘေးအန္တရာယ်များမှ ကာကွယ်ရန်အတွက် ယူကေဆိုင်ဘာအေဂျင်စီအနေဖြင့် အဆင့်မြင့် “အေးဂျင့်တစ် AI” (Agentic AI) နည်းပညာကို အသုံးပြု၍ နိုင်ငံတော်အဆင့် ဆိုင်ဘာဒိုင်း (National Cybershield) တစ်ခု တည်ဆောက်ရန် စီစဉ်လျက်ရှိသည်။ 

သို့သော်လည်း အဆိုပါစနစ် အပြည့်အဝ အချောသတ်နိုင်ရန်အတွက်မူ နှစ်အနည်းငယ် ထပ်မံအချိန်ယူရဦးမည်ဖြစ်သည်ဟု ဆိုသည်။