လေယာဉ်ဆီ ပြည်ပတင်ပို့မှု ရုရှား ဆိုင်းငံ့ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂ ရက်။ 

ရုရှားနိုင်ငံရှိ ရေနံချက်စက်ရုံများ ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှု ခံနေရသည့် အချိန်တွင်ပင် ရုရှားအစိုးရက လေယာဉ်ဆီ ပြည်ပတင်ပို့မှုကို လာမည့် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ယာယီပိတ်ပင်ကြောင်း ကြေညာလိုက်သည်။ 

ရုရှားနိုင်ငံသည် ၎င်း၏ ဂျက်လေယာဉ်ဆီများကို ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျီကစ္စတန်နှင့် ဥဇဘက်ကစ္စတန် အပါအဝင် အလယ်ပိုင်း အာရှနိုင်ငံများသို့ မီးရထားလမ်းမှတစ်ဆင့် အဓိက တင်ပို့နေခြင်း ဖြစ်သည်။ 

ရုရှားအစိုးရကမူ ယခု ဆုံးဖြတ်ချက်သည် ပြည်တွင်းစက်သုံးဆီစျေးကွက် တည်ငြိမ်စေရန်အတွက် ဖြစ်သည်ဟု ဆိုသည်။

ရုရှားနိုင်ငံသည် ဓာတ်ဆီပြည်ပတင်ပို့မှုကိုလည်း ကန့်သတ်ထားပြီးဖြစ်သော်လည်း ဒီဇယ်ဆီနှင့် ပတ်သက်၍မူ အရေးယူဆောင်ရွက်ခြင်း မရှိသေးပေ။ 

သို့သော်လည်း ဒီဇယ်ဆီတင်ပို့မှုကိုပါ ကန့်သတ်ရန် စီမံချက်များကို စဉ်းစားနေကြောင်း Interfax သတင်းဌာနက ပြီးခဲ့သည့်အပတ်တွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံသည် နိုင်ငံခြားမှ တင်သွင်းသည့် ဒီဇယ်ဆီ စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းကို ရုရှားနိုင်ငံမှ တင်သွင်းနေခြင်း ဖြစ်သည်။ 

သို့သော်လည်း မြန်မာစစ်ကောင်စီသည် လေယာဉ်ဆီအများစုကိုမူ မလေးရှား၊ ထိုင်းနှင့် စင်ကာပူနိုင်ငံများမှ အဓိက တင်သွင်းနေခြင်း ဖြစ်သည်။

ရိုက်တာသတင်းဌာန၏ သောကြာနေ့က ထွက်ပေါ်ခဲ့သော အချက်အလက်များအရ ရုရှားနိုင်ငံရှိ ဆီသန့်စင်စက်ရုံများကို ယူကရိန်းက ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် စက်ရုံများ ထုတ်လုပ်မှု လျှော့ချရခြင်း သို့မဟုတ် ရပ်ဆိုင်းရခြင်းများ ရှိခဲ့သည်။ 

ရုရှား၏ ဒီဇယ်ထုတ်လုပ်မှုသည် ဧပြီလတွင် ၁၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီးနောက်၊ မေလတွင်လည်း နောက်ထပ် ၁၀ ရာခိုင်နှုန်းခန့် ထပ်မံကျဆင်းသွားခဲ့သည်။ 

ထုတ်လုပ်မှု ကျဆင်းခဲ့သော်လည်း အဆိုပါလများတွင် စက်သုံးဆီ ပြည်ပတင်ပို့မှုမှာမူ မြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။ 

အဆိုပါအခြေအနေများအပြီးတွင် ယခုအခါ နိုဝင်ဘာလကုန်အထိ လေယာဉ်ဆီတင်ပို့မှုကို ရပ်ဆိုင်းရန် ရုရှားက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။