ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် ဆွစ်ဇာလန် အသင်း တိုက်စစ်မှူး၏ ဗီဇာကို အမေရိကန် ဆိုင်းငံ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်။ 

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အမေရိကန်နိုင်ငံသို့ သွားရောက်မည့် ဆွစ်ဇာလန် အမျိုးသား ဘောလုံးအသင်းနှင့်အတူ တိုက်စစ်မှူး ဘရီးလ် အမ်ဘိုလို (Breel Embolo) တစ်ယောက် လိုက်ပါသွားနိုင်ခြင်း မရှိသေးဘဲ ဇူရစ်မြို့၌ ကျန်ရစ်ခဲ့ရသည်။ 

အမေရိကန်အာဏာပိုင်များက သူ၏ ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ခွင့်ပြုချက် (ESTA) ကို လေယာဉ်မထွက်ခွာမီ နာရီပိုင်းအလို၌ နောက်ဆုံးမိနစ် ချက်ချင်းပြန်လည်စိစစ်ရန် ဆုံးဖြတ်ခဲ့သောကြောင့် ဖြစ်သည်။

ပြင်သစ်ကလပ် ရင်းန် (Stade Rennais) ၌ ကစားနေသည့် အသက် ၂၉ နှစ်အရွယ် အမ်ဘိုလိုသည် ၂၀၂၃ ခုနှစ်အတွင်းက ဆွစ်ဇာလန်တရားရုံးတစ်ခု၌ လူတစ်ဦးအား ခြိမ်းခြောက်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရဖူးပြီး ပြီးခဲ့သည့် စက်တင်ဘာလတွင် သူ၏ အယူခံမှုကို ပယ်ချခံခဲ့ရသည်။

မူလက သူ၏ ESTA လျှောက်ထားမှုကို အတည်ပြုပြီးဖြစ်သော်လည်း အမေရိကန်ဘက်က ၎င်း၏ နောက်ခံရာဇဝင်ကြောင့် နောက်ထပ်တစ်ကြိမ် ထပ်မံစိစစ်ရန် (Under Review) အဆင့်သို့ ပြောင်းလဲလိုက်ခြင်းဖြစ်သည်။ ESTA ဆိုသည်မှာ ဗီဇာကင်းလွတ်ခွင့်ရ နိုင်ငံများမှ နိုင်ငံသားများ အမေရိကန် သို့ ဝင်ရောက်ရန် အွန်လိုင်းမှ အီလက်ထရောနစ် နည်းဖြင့် ဝင်ခွင့်တောင်းခံခြင်း ဖြစ်သည်။ 

အမ်ဘိုလိုသည် ပြစ်ဒဏ်ကျပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်းက အမေရိကန်နိုင်ငံသို့ သွားရောက်ကာ ခြေစမ်းပွဲကစားခဲ့ဖူးသည်။ ထိုပွဲတွင် အမ်ဘိုလိုက ဦးဆောင် အနိုင်ဂိုးကို သွင်းယူခဲ့ပြီး ဆွစ်ဇာလန် အသင်းက အမေရိကန် အသင်းကို ၄-၀ ဖြင့် အနိုင်ရရှိခဲ့သည်။ 

ဆွစ်ဇာလန်ဘောလုံးအဖွဲ့ချုပ်က လေယာဉ်ပေါ်ရှိ ကစားသမားများ၏ ဓာတ်ပုံကို အင်တာနက် စာမျက်နှာ၌ တင်ခဲ့ပြီး “ထိုင်ခုံတစ်ခု လွတ်နေတယ်၊ ဒါပေမယ့် အကြာကြီးတော့ မဟုတ်ဘူး 😉 မကြာခင် ပြန်ဆုံကြမယ် အမ်ဘိုလို” ဟု စာသားရေးသားကာ သူ ပြန်လည်လိုက်ပါလာနိုင်မည့် အခြေအနေကို မျှော်လင့်စောင့်ဆိုင်းနေသည်။

ဆွစ်ဇာလန်အသင်းသည် ဇွန်လ ၁၃ ရက်နေ့တွင် ဆန်ဖရန်စစ္စကိုမြို့၌ ကာတာအသင်းနှင့် ကမ္ဘာ့ဖလားအုပ်စုပထမပွဲစဉ် စတင်ကစားရမည် ဖြစ်သည်။