နိုင်ငံပေါင်း ၆၀ အပေါ် အခွန်တိုးကောက်ရန် အမေရိကန်အဆိုပြု
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်။
အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး (USTR) သည် အဓမ္မလုပ်အားပေးခိုင်းစေမှုဖြင့် ထုတ်လုပ်ထားသည့် ကုန်စည်များအား ပိတ်ပင်တားဆီးရန် ပျက်ကွက်ခဲ့ကြသည့် တရုတ်၊ ဂျပန်နှင့် ဥရောပသမဂ္ဂ (EU) အပါအဝင် နိုင်ငံပေါင်း ၆၀ မှ တင်သွင်းမည့် ကုန်စည်များအပေါ် ၁၀ ရာခိုင်နှုန်းမှ ၁၂.၅ ရာခိုင်နှုန်းအထိ အခွန်တိုးမြှင့်ကောက်ခံရန် နည်းလမ်းရှာဖွေလျက်ရှိပြီး ယင်းအဆိုပြုချက်ကို တရားဝင်ထုတ်ပြန်လိုက်သည်။
အဓမ္မလုပ်အားပေးမှု ပိတ်ပင်တားဆီးရေးဥပဒေကို အပြည့်အဝ (သို့မဟုတ်) တစ်စိတ်တစ်ပိုင်း ပြဋ္ဌာန်းထားသည့် နိုင်ငံများကို ၁၀ ရာခိုင်နှုန်း အခွန်စည်းကြပ်မည်ဖြစ်ပြီး ကျန်ရှိသည့် အခြားနိုင်ငံအားလုံးကို ၁၂.၅ ရာခိုင်နှုန်း အခွန်စည်းကြပ်သွားမည် ဖြစ်သည်။
အဆိုပါ ဥပဒေကြမ်းတွင် အထည်အလိပ်နှင့် အဝတ်အထည်များအတွက် သက်ညှာခွင့်ပေးမည့် ယန္တရားတစ်ခု ပါဝင်သကဲ့သို့ လျှပ်စစ်ပစ္စည်းများနှင့် AI (ဉာဏ်ရည်တု) နှင့် သက်ဆိုင်သည့် ကုန်စည်အချို့ကိုလည်း အခွန်ကင်းလွတ်ခွင့် ပေးဖွယ်ရှိကြောင်း ဖော်ပြထားသည်။
ယခုအဆိုပြုချက်အပေါ် အများပြည်သူ၏ သဘောထားမှတ်ချက်များကို ဇူလိုင် ၆ ရက်အထိ လက်ခံသွားမည်ဖြစ်ပြီး၊ ဇူလိုင် ၇ ရက်တွင် လူထုကြားနာပွဲများ ပြုလုပ်သွားရန် စီစဉ်ထားသည်။
ပြီးခဲ့သည့်အစောပိုင်းကာလက သမ္မတ ဒေါ်နယ်ထရန့် ချမှတ်ခဲ့သော “Liberation Day” အခွန်တိုးမြှင့်မှုအများစုကို အမေရိကန်တရားရုံးချုပ်က ပယ်ချခဲ့ပြီးနောက် လက်ရှိ ပုဒ်မ ၁၂၂ အရ ကောက်ခံထားသည့် ကမ္ဘာလုံးဆိုင်ရာ အခြေခံအခွန်နှုန်းထားများမှာလည်း လာမည့် ဇူလိုင်လတွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည်။
ထို့ကြောင့် အမေရိကန်အစိုးရအနေဖြင့် ပုဒ်မ ၃၀၁ ကို အသုံးပြုကာ ကုန်သွယ်ရေးလက်နက်ကို တစ်ကျော့ပြန် ဖော်ဆောင်လာခြင်း ဖြစ်သည်။