ဝေါလေဗျူဟာကုန်း တိုက်ပွဲပြင်းထန်၊ စစ်ရှောင် ၃,၀၀၀ ကျော် ထိုင်းနယ်စပ် ထွက်ပြေးရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်။

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်တပ်၏ အဓိကအခြေစိုက် ‘ဝေါလေဗျူဟာကုန်း’ တပ်စခန်းကို အပြီး သတ် သိမ်းပိုက်နိုင်ရေးအတွက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်များက အရှိန်မြှင့်ထိုးစစ်ဆင်နေသဖြင့် နယ်စပ်တစ်လျှောက် နှစ်ဖက်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။

ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့ကတည်းက စတင်ခဲ့သည့် အဆိုပါထိုးစစ်အတွင်း စစ်တပ်ဘက်က လက်နက်ကြီးများ အပြင် ဂျက်ဖိုက်တာတိုက်လေယာဉ်များ၊ Y-12 လေယာဉ်များနှင့် ကာမီကာဇေ ခေါ် အသေခံဒရုန်းများကိုပါ အသုံးပြု၍ အပြင်းအထန် ခုခံနေခြင်းဖြစ်သည်။ 

တိုက်ပွဲပြင်းထန်လွန်းသဖြင့် နှစ်ဖက်စလုံးတွင် ထိခိုက်ကျဆုံးမှုများရှိနေပြီး၊ တိုက်ပွဲအတွင်း လွှတ်တင်ခဲ့သည့် အသေခံဒရုန်းတစ်စင်းသည် ထိုင်းနိုင်ငံပိုင်နက်ထဲသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ထိုင်းဘက်ခြမ်းတွင် ရှိနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ ဦး သေဆုံးကာ ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ 

ထိုဖြစ်စဉ်ကြောင့် ထိုင်းအာဏာပိုင်များက နယ်စပ်တစ်လျှောက်တွင် လုံခြုံရေးများကို အရေးပေါ် အဆင့်မြှင့် တင်ကာ အင်အားတိုးမြှင့်ချထားရသည်။

အဆိုပါ ဝေါလေဗျူဟာကုန်းသည် စစ်ရေးအရ အချက်အချာကျသဖြင့် တော်လှန်ရေးပူးပေါင်းတပ်များက ကာ လရှည်ကြာ ဝိုင်းဝန်းပိတ်ဆို့ ဖြတ်တောက်ထားခဲ့ခြင်းဖြစ်ပြီး၊ စစ်တပ်ဘက်ကမူ မြေပြင်စစ်ကူမတက်နိုင်ဘဲ လေကြောင်းမှတစ်ဆင့် ရိက္ခာနှင့် ခဲယမ်းများ ချပေးကာ တောင့်ခံနေရခြင်း မြေပြင်စစ်ရေး သတင်းရင်းမြစ်များ က ပြောသည်။

ဝေါ်လေဒေသတွင်းရှိ စစ်ရေးသတင်းရင်းမြစ်က သူတို့ဘက်က ကုန်းပေါ်မှာ ဒဏ်ရာရထားတာတွေ များနေပြီ။ ဝေါလေဗျူဟာက နည်းနည်းကျယ်တော့ လေကြောင်းပစ်ကူကို အဓိကအားကိုးပြီး တောင့်ခံနေတာ။ အခု ကာကင်းစခန်းတွေကို ပူးပေါင်းတပ်တွေက သိမ်းပြီးပြီဆိုတော့ ဗျူဟာကုန်းအထိ အနီးကပ် ထိုးစစ်ဆင်နေပြီ” ဟု ပြောသည်။

လက်ရှိတွင် စစ်တပ်သည် ဗျူဟာကုန်းမကျစေရန် ခုခံရင်း ဝေါလေနှင့် ထီးသဲလယ်ကျေးရွာများအပြင် ကျေးရွာ အတွင်းရှိ ဘုန်းကြီးကျောင်းအပါအဝင် အရပ်သားပစ်မှတ်များကိုပါ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ် တိုက်ခိုက်နေသည်။

စစ်တပ်၏ ရမ်းသန်းပစ်ခတ်မှုကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့ရပြီး ဒေသခံပြည်သူ ၃,၀၀၀ ကျော်မှာ ဘေးလွတ်ရာသို့ အရေးပေါ် စွန့်ခွာထွက်ပြေးနေကြရသည်။

၎င်းတို့အနက် လူဦးရေ ၂၀၀ ခန့်မှာ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်အတွင်းသို့ ဝင်ရောက်ခိုလှုံသွားသဖြင့် ထိုင်းအာဏာပိုင်များက ယာယီနေရာချထားပေးကာ လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နေရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် အခြေအနေနှင့် ပတ်သက်၍ လက်နက်ကြီးသံတွေ၊ လေယာဉ် သံတွေကတော့ တစ်နေ့လုံး ကြားနေရတာပဲ။ ရွာထဲက အိမ်တွေလည်း ထိမှန်ပျက်စီးတာတွေ ရှိတယ်။ လူတွေ ထိခိုက်ဒဏ်ရာရတာလည်း ရှိနိုင်ပေမယ့် အားလုံးက ဟိုဘက်ကမ်းကို အလုအယက် ပြေးနေကြရတော့ မြေပြင် အခြေအနေကို အတည်ပြုဖို့ ခက်နေသေးတယ်ဟု စစ်ရှောင်များအား ကူညီနေပေးနေသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ကာလများအတွင်း စစ်တပ်သည် ဝေါလေဗျူဟာကုန်းဆီသို့ မြေပြင်စစ်ကူကြောင်းများ စေလွှတ်ရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း KNLA ပူးပေါင်းတပ်များ၏ ပိတ်ဆို့တိုက်ခိုက်မှုများကြောင့် ရှေ့မတိုးနိုင်ဘဲ ရပ်တန့်ခဲ့ရခြင်းဖြစ်သည်။ 

လက်ရှိတွင် တော်လှန်ရေးပူးပေါင်းတပ်များက ဝေါ်လေဗျူဟာကုန်း၏ အနီးကပ် ကာကင်းစခန်းအားလုံးကို ထိန်းချုပ်ထားပြီးဖြစ်၍ အဆိုပါ ခြေကုပ်ဗျူဟာကုန်းကြီး တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်နေကြောင်း မြေပြင်သတင်းရင်းမြစ်အချို့က ဆိုသည်။