ပြင်သစ်-ဂျာမနီ မျိုးဆက်သစ်တိုက်လေယာဉ် ပူးတွဲစီမံကိန်း ဖျက်သိမ်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်။ 

ဥရောပ၏ အကြီးမားဆုံးနှင့် ရည်မှန်းချက်အကြီးမားဆုံး ကာကွယ်ရေးစီမံကိန်းကြီးတစ်ခုဖြစ်သည့် မျိုးဆက်သစ် တိုက်လေယာဉ် ပူးတွဲထုတ်လုပ်ရေးစီမံကိန်းအား အပြီးတိုင် ဖျက်သိမ်းရန် ဂျာမနီနှင့် ပြင်သစ်နိုင်ငံတို့ သဘောတူညီလိုက်ကြပြီ ဖြစ်သည်။

မကြာသေးမီက မွန်တီနီဂရိုးနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေး၏ ဘေးနံဆွေးနွေးပွဲ အတွင်း ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ် မာဇ် (Friedrich Merz) နှင့် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) တို့သည် အဆိုပါကိစ္စရပ်အား အကျေအလည် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ 

စီမံကိန်းတွင် ပါဝင်နေသည့် ဂျာမနီကိုယ်စားပြု Airbus ကုမ္ပဏီနှင့် ပြင်သစ်၏ ဒက်ဆော့လ်ထ် အေဗီအေးရှင်း (Dassault Aviation) ကုမ္ပဏီတို့အကြား လနှင့်ချီ၍ ကြာမြင့်နေပြီဖြစ်သော အားပြိုင်မှုများနှင့် သဘောထားကွဲလွဲမှုများကို ကျော်လွှားနိုင်မည့် အလားအလာ မရှိတော့သည့်အတွက် ယခုကဲ့သို့ စီမံကိန်းကို လက်လျှော့ရန် ခေါင်းဆောင်နှစ်ဦးက ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းသည် ယူရိုဘီလံ ၁၀၀ (အမေရိကန်ဒေါ်လာ ၁၁၆ ဘီလံ) ကျော် တန်ကြေးရှိပြီး စပိန်နိုင်ငံပါ ပါဝင်နေသည့် ဥရောပ၏ အကြီးမားဆုံး ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကြီး ပျက်ပြားသွားခြင်းလည်း ဖြစ်သည်။ 

အဆိုပါစီမံကိန်းသည် ပင်မတိုက်လေယာဉ်ကြီးအပြင် ဒရုန်းများနှင့် လုံခြုံရေးမြင့်မားသည့် ကွန်ရက်စနစ်များ ပူးပေါင်းလုပ်ဆောင်မည့် စီမံကိန်းဖြစ်ရာ လက်ရှိတွင် ပင်မတိုက်လေယာဉ်ကြီး ထုတ်လုပ်မှုကိုသာ ဖျက်သိမ်းကာ ကျန်ရှိသည့် ဒရုန်းနှင့် ကွန်ရက်ချိတ်ဆက်မှုစနစ်များကိုမူ မူလအမည်အတိုင်း ဆက်လက်သုတေသနပြုသွားရန် ခေါင်းဆောင်နှစ်ဦးက ကြိုးပမ်းနေကြသည်။