လာအိုက မြန်မာ၊ ထိုင်းကို ကျော်၍ ဘောလုံးပွဲ ရုပ်သံ မူပိုင်ခွင့် ရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်။ 

မြန်မာ၊ ထိုင်းနှင့် ဘရူနိုင်းနိုင်ငံတို့က ကမ္ဘာ့ဖလားပြိုင်ပွဲ ထုတ်လွှင့်ပြသခွင့်အတွက် ညှိနှိုင်းနေဆဲ ဖြစ်ချိန်တွင် လာအိုနိုင်ငံကမူ တိုက်ရိုက်ထုတ်လွှင့်ပြသခွင့် မူပိုင်ခွင့်ကို အောင်မြင်စွာ ရရှိသွားခဲ့ပြီဖြစ်သည်။ 

လာအိုနိုင်ငံတစ်ဝန်းရှိ ပြည်သူများအနေဖြင့် ပွဲစဉ်ပေါင်း ၁၀၄ ပွဲစလုံးကို အခမဲ့ ကြည့်ရှုခွင့် ရရှိတော့မည်ဖြစ်ကြောင်း လာအိုအမျိုးသားသတင်းဌာန (KPL) က မနေ့ ဇွန်လ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယခုလုပ်ငန်းစဉ်တွင် လာအိုနိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Star Telecom (Unitel) ကုမ္ပဏီသည် အပြည်ပြည်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ် (FIFA) နှင့် သဘောတူညီချက် ရရှိသွားခဲ့ခြင်း ဖြစ်သည်။ 

ထို့ကြောင့် လာမည့် ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၉ ရက်နေ့အထိ အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါ သုံးနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ၏ တရားဝင်ရုပ်သံထုတ်လွှင့်ခွင့်ကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုသဘောတူညီချက်အရ ကမ္ဘာ့ဖလားပွဲစဉ် စုစုပေါင်း ၁၀၄ ပွဲစလုံးကို လာအိုဘာသာစကား နောက်ခံဝေဖန်ဆန်းစစ်ချက်များနှင့်အတူ LaoTV ပလတ်ဖောင်းမှတစ်ဆင့် တိုက်ရိုက် အခမဲ့ (Free of charge) ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။ 

ယခုအခါ လာအိုနိုင်ငံသည် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တီမောလက်စ်တေ၊ ဗီယက်နမ်နှင့် မလေးရှားတို့နှင့်အတူ ၂၀၂၆ ကမ္ဘာ့ဖလား ရုပ်သံမူပိုင်ခွင့် ရရှိထားသည့် အာဆီယံနိုင်ငံများစာရင်းတွင် ပါဝင်သွားပြီဖြစ်သည်။ 

လက်ရှိအချိန်အထိ မူပိုင်ခွင့် မရရှိသေးဘဲ ကျန်ရှိနေသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှာ ထိုင်း၊ မြန်မာနှင့် ဘရူနိုင်း သုံးနိုင်ငံသာ ရှိတော့သည်။