ANA လေယာဉ်မှူးတစ်ဦး လိင်ဆိုင်ရာ စော်ကားမှုကြောင့် ထောင် ဒဏ် လ ၂၀ ချခံရ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်။ 

လေယာဉ်အမှုထမ်းအမျိုးသမီးအား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့မှုကြောင့် ဂျပန်လေကြောင်းလိုင်း (All Nippon Airways- ANA) မှ လေယာဉ်မှူး တစ်ဦးကို တရားရုံးက ထောင်ဒဏ်လ ၂၀ လ ပြစ်ဒဏ်ချမှတ်ခဲ့သည်။ 

၎င်းထက် ရာထူးအဆင့်အတန်းမြင့်မားသူတစ်ဦးအား ပြန်လည်တုံ့ပြန်ပါက လုပ်ငန်းခွင်ဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ခဲ့ရသဖြင့် ကြောက်ရွံ့ကာ ခုခံနိုင်ခြင်းမရှိခဲ့ကြောင်း တရားခွင်စစ်ဆေးစဉ်အတွင်း ကျူးလွန်ခံရသူ အမျိုးသမီးက ထွက်ဆိုခဲ့သည်။

တိုကျိုခရိုင်တရားရုံးက အသက် ၄၄ နှစ်အရွယ်ရှိ All Nippon Airways (ANA) လေကြောင်းလိုင်းမှ လေယာဉ်မှူးကြီး ရိုတာ မိဆေး (Ryota Mise) ၏ လုပ်ရပ်သည် “စက်ဆုပ်ရွံရှာဖွယ်ရာ ကောင်းလှပြီး ရာထူးအာဏာကို အလွဲသုံးစားပြုလုပ်ခဲ့” ခြင်းဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။ 

ရိုတာမိဆေးသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်အစောပိုင်းအချိန်က ဂျပန်နိုင်ငံ၊ ခါဂါဝါခရိုင် (Kagawa prefecture)၊ တာကာမတ်ဆုမြို့ (Takamatsu) ၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့်ပတ်သက်၍ တရားရုံးက ပြီးခဲ့သည့် အင်္ဂါနေ့တွင် ပြစ်မှုထင်ရှားစီရင်ခဲ့ခြင်းဖြစ်သည်။ 

တရားလိုပြကုမ္ပဏီ (အစိုးရရှေ့နေများ) က ၎င်းအား ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ချမှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

ဂျပန်တိုင်းမ်း (The Japan Times) သတင်းစာ၏ ဖော်ပြချက်အရ ၎င်းတို့နှစ်ဦးသည် လေကြောင်းခရီးစဉ်တစ်ခု ပြီးဆုံးပြီးနောက် အဖွဲ့လိုက်ညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်ဟု ဖော်ပြသည်။ 

ထို့နောက် လမ်းမပေါ်တွင်လည်းကောင်း၊ ယင်းနောက်ပိုင်း ကုန်စုံဆိုင် တစ်ခုအတွင်း၌လည်းကောင်း မိဆေးက အဆိုပါအမျိုးသမီး၏ တင်ပါးကို အကြိမ်ကြိမ် ကိုင်တွယ်ထိပါးခဲ့သည်ဟု တရားရုံးမှတ်တမ်းများတွင် ဖော်ပြထားသည်။ 

အဆိုပါအမျိုးသမီးသည် ၎င်းဖြစ်စဉ်မတိုင်မီ တစ်ရက်ကမှ အတူတကွ တာဝန်ထမ်းဆောင်ရင်း အဆိုပါလေယာဉ်မှူးကြီးနှင့် ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့ခြင်း ဖြစ်သည်။