စာသင်ကျောင်းအတွင်းကြေးနီများခိုးရန် ကြံစည်မှုဖြင့် မြန်မာရွှေ့ပြောင်းသူ ၃ ဦး အဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်။
အမေရိကန်ပြည်ထောင်စု၊ ဝစ်စကွန်ဆင်ပြည်နယ်၊ မီလ်ဝေါကီ (Milwaukee) မြို့တွင် မီးလောင်ကျွမ်းခဲ့၍ ပျက်စီးသွားသော လင်ကွန်းအက်ဗင်နူး စာသင်ကျောင်း (Lincoln Avenue School) အတွင်းသို့ ကြေးနီနှင့် တန်ဖိုးရှိ ပစ္စည်းများ ခိုးယူရန် ခိုးဝင်ခဲ့သည့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအခြေချလာသည့် အမျိုးသား ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး တရားစွဲဆိုလိုက်သည်။
ဖမ်းဆီးခံရသူ ၃ ဦးမှာ စိုးလှ (၂၄)၊ အယ်ပူကျော် (Eh Pu Jaw) (၃၀) နှင့် လာတာ (Lah Tah) (၃၄) တို့ ဖြစ်ကြသည်။
ဩဂုတ် ၆ ရက် နံနက် ၄ နာရီခန့်တွင် စာသင်ကျောင်းအတွင်း မီးလင်းအိမ်အလင်းရောင်များ တွေ့ရှိကြောင်း လုံခြုံရေးဝန်ထမ်းများ၏ သတင်းပေးပို့ချက်အရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ သိုလှောင်ခန်းအတွင်း ပုန်းအောင်းနေသူ လာတာ (Lah Tah) နှင့် လှေကားအောက်တွင် ပုန်းနေသူ စိုးလှ (Soe Hla) တို့ကို သော့ဖွင့်ကိရိယာများ၊ လက်ဆွဲလွှများ၊ ဝှက်ဝါယာကြိုးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် စာသင်ကျောင်းနှင့် တစ်ကွက်ကျော်အကွာရှိ မော်တော်ယာဉ်အတွင်း အိပ်ပျော်နေသူ အယ်ပုကျော် (Eh Pu Jaw) ကိုလည်း သေနတ်တစ်လက်၊ မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိခဲ့သည်။
စိုးလှ၏ ထွက်ဆိုချက်အရ ကြေးနီခိုးယူရန် အခြားတစ်ဦးနှင့်အတူ ကျောင်းအတွင်း ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး တတိယမြောက်လူက မော်တော်ယာဉ်ဖြင့် လိုက်ပို့ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
လာတာကလည်း ရောင်းချရန် ပစ္စည်းများ ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။
၎င်းတို့ ၃ ဦးလုံးကို ပိုင်နက်ကျူးလွန်မှု၊ ခိုးယူမှုဆိုင်ရာ ကိရိယာများ လက်ဝယ်တွေ့ရှိမှုနှင့် ပြစ်ဒဏ် ထပ်မံကျူးလွန်မှု အပါအဝင် ရာဇဝတ်မှုများဖြင့် တရားစွဲဆိုထားသည်။
အဆိုပါ လင်ကွန်းအက်ဗင်နူး စာသင်ကျောင်းသည် ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်က ဓာတုဗေဒဆေးရည်များ ပေကျံနေသည့် အဝတ်စများမှတစ်ဆင့် အမှတ်မထင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။