အရပ်သားရွာနှင့် မရာလဲန်း ကာကွယ်ရေးတပ် သင်တန်းကျောင်းကို စစ်တပ်က ဗုံးကြဲ၍ သေဆုံးသူများပြား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ချင်းပြည်၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မရာလဲန်း ကာကွယ်ရေးတပ် MDF စခန်းများကို စစ်အုပ်စုတပ်က ဩဂုတ်လ ၂၄ ရက်မှ ၂၆ ရက်အထိ ၃ ရက်ဆက်တိုက် လေကြောင်းမှ အုပ်စုလိုက် ဗုံးကြဲတိုက် ခိုက်ခဲ့သဖြင့် အရပ်သားများ သေဆုံးခဲ့သည်။
အဆိုပါ လေကြောင်းဗုံကြဲတိုက်ခိုက်မှုထဲတွင် သားမိနှစ်ဦးနှင့် တော်လှန်ရေးရဲဘော်များ အပါအဝင် သေဆုံးသူ နှင့် ထိခိုက်ဒဏ်ရာရရှိသူ ဆယ်နှင့်ချီ ရှိလာကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။
ဒေသခံ စစ်ရေးသတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက “မီးဇာကျေးရွာမှာတော့ အရပ်သား သားအမိနှစ် ယောက်သေပြီး MDF စစ်သင်တန်းကျောင်းမှာတော့ သင်တန်းသား ၅ ယောက်သေတယ်လို့ သိရတယ်။ အခု နောက်ပိုင်း စစ်တပ်က ပလက်ဝကိုတော်တော် ဗုံးကြဲတာတွေလုပ်လာတယ်။ ဂျက်ဖိုက်တာတွေ အုပ်စုလိုက်နဲ့ ဗုံးအလုံး အရေအတွက်လည်း များပါတယ်။ မီးဇာကျေးရွာမှာတော့ ပြည်သူတွေပဲရှိတာပါ” ဟု ပြောသည်။
ဩဂုတ်လ ၂၆ ရက် ညနေ ၄ နာရီခွဲခန့်တွင် စစ်အုပ်စုတပ်က ဂျက်ဖိုက်တာ ၅ စီး၊ Y-12 လေယာဉ် ၂ စီးတို့ဖြင့် ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကို ဗုံးအလုံးရေ ၅၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ် တစ်လုံးပေါ် ဗုံးကျရောက်ပေါက်ကွဲသဖြင့် အပြစ်မဲ့ အရပ်သား သားမိနှစ်ဦး သေဆုံးခဲ့ပြီး ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ဒေသခံတစ်ဦးက “စစ်အုပ်စုက AA စခန်းတွေ ရှိတယ်အထင်နဲ့ မီးဇာရွာကို ဂျက်ဖိုက်တာ ၅ စီးနဲ့ ဗုံးအလုံး ၅၀ ကျော်အထိ အကြီးအကျယ် ကြဲချသွားတာပါ။ ရွာထဲက နေအိမ်တွေ ပျက်စီးရုံတင် မဟုတ်ဘဲ သားအမိနှစ် ယောက် သေဆုံးပြီး နောက်ထပ် ဒေသခံ ၆ ယောက်လည်း ဒဏ်ရာရသွားပါတယ်။ ပြီးခဲ့တဲ့ရက်ကလည်း ရွှေလိုက်ဝမှာ ဗုံးကြဲလို့ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်” ဟု ပြောသည်။
ထို့ပြင် အိန္ဒိယ-မြန်မာနယ်စပ် ပလက်ဝမြို့နယ်၊ ရွှေလိုက်ဝကျေးရွာအနီးရှိ ချင်းညီနောင် (CB) ရဲဘော်များ တက် ရောက်နေသည့် မရာလဲန်းကာကွယ်ရေးတပ် (MDF) ၏ စစ်သင်တန်းကျောင်းကိုလည်း ဩဂုတ်လ ၂၅ ရက်နေ့၊ ည ၁၁ နာရီဝန်းကျင်တွင် စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သင်တန်းသား ရဲဘော် ၅ ဦး ကျဆုံးကာ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ဒဏ်ရာရရှိခဲ့သည့် သင်တန်းသား ရဲဘော်များကို လုံခြုံသည့်နေရာသို့ ပြောင်းရွှေ့၍ ဆေးကုသမှု ပေးထား ကြောင်း ဆိုသည်။
စစ်အုပ်စုတပ်သည် ဩဂုတ်လ ၂၄ ရက်နေ့ကလည်း ပလက်ဝမြို့နယ်၊ စိမ်းညှင်းဝကျေးရွာရှိ ကလေးငယ်များ စာသင်နေသည့် ဘုန်းကြီးကျောင်းအနီးသို့ ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲချခဲ့သဖြင့် အရွယ်မရောက်သေးသည့် မူလတန်းကျောင်းသား၊ ကျောင်းသူများ အပါအဝင် အပြစ်မဲ့ အရပ်သား ၅ ဦး သေဆုံးခဲ့ကာ ၁၀ နှစ်အောက် မူလတန်းကလေးငယ် ၈ ဦး အပါအဝင် ၁၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
စစ်အုပ်စုတပ်သည် ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့များကလည်း ပလက်ဝမြို့အဝင်နှင့် ဆမီးမြို့ ရပ်ကွက် (၂) တို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် မိန်းကလေးငယ်တစ်ဦး သေဆုံးကာ ကျောင်းသူများ အပါအဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။
ဓာတ်ပုံ – (AA Info Desk)